အခြေခံပညာရေးကဏ္ဍမှာ ဆရာဦးရေ တိုးချဲ့ဖွဲ့စည်းဖို့ ဆောင်ရွက်ထားတာ ရှိမရှိနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ ယနေ့ မေးမြန်းစဉ် “ပညာရေးအမှောင်ခေတ်” လို့ ထည့်သွင်းသုံးနှုန်းခဲ့တာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်တွင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမင်းသိန်းက ၁၉၈၈ ခုနှစ် နောက်ပိုင်းဟာ ပညာရေးအမှောင်ခေတ်ဖြစ်တယ်လို့ ထည့်သွင်း သုံးနှုန်းခဲ့တာပါ။
အဲဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်က ကန့်ကွက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ပညာရေးအမှောင်ခေတ် မရှိခဲ့ဘူးလို့ ပြောပါတယ်။
“ပညာရေးအမှောင်ကာလဆိုတာ တကယ်တန်း ပြောရလို့ရှိရင် ဥရောပတို့ဘာတို့မှာ ပညာရေး အမှောင်ကာလ ကျတယ်ဆိုတာ ရှိခဲ့ဖူးတယ်။ မြန်မာနိုင်ငံမှာတော့ မရှိဘူးပေါ့။ အဲဒါကြီးကို brand (တံဆိပ်) တပ်တဲ့အနေနဲ့ လွှတ်တော်မှာ ပြောသွားပြီးတော့ အားလုံးကလဲ သတိမမူပဲနဲ့ မှတ်တမ်းတင်ခဲ့မယ်ဆိုရင် ပညာရေးအမှောင်ကာလဆိုတာကြီးက အတည်ဖြစ်သွားမယ်လေ။ အဲဒါကြောင့်မို့လို့ထပြီး ကန့်ကွက်တာပါ” လို့ ဦးမောင်မြင့်က လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ဦးမင်းသိန်းကတော့ ပညာရေးအသုံးစရိတ် နည်းပါးတာ၊ အခွင့်အလမ်းတွေ နည်းပါးတာနဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးတာတွေက အမှောင်ခေတ်သဘောမျိုးဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
“၁၉၈၈ နောက်ပိုင်းမှာ ကျောင်းဆရာတွေက ရှင်းရှင်းပြောရရင် တက္ကသိုလ်ကလည်း ထွက်တာတွေ အများကြီး၊ အခြေခံပညာကဏ္ဍမှာလည်း ထွက်ကြတာတွေ အများကြီးပဲ၊ အခုလည်း လုပ်ချင်တဲ့လူတွေက ရှားနေတယ်။ အဲဒါကြောင့် ပညာရေးအမှောင်ခေတ်ဆိုတဲ့စကားလုံးကို သုံးလိုက်တာ” လို့ သူက ပြောပါတယ်။
“၁၉၈၈ နောက်ပိုင်းလို့ ပြောလိုက်တာ။ အဲဒီမှာတင် အမှောင်ခေတ်ဆိုတာကို မကြိုက်ပါဘူး။ ဒီစကားလုံး မသုံးသင့်ပါဘူးဆိုပြီးတော့ ဝန်ကြီးမဖြေမီမှာ ထပြီး ကန့်ကွက်တာ” လို့ သူက ဆက်ပြောပါတယ်။
လွှတ်တော်တွင်းမှာ အဲဒီလို ကန့်ကွက်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က မဆီလျော်တဲ့စကားလုံးတွေ မသုံးနှုန်းဖို့ သတိပေးခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပညာရေးအမှောင်ခေတ်ဆိုတဲ့ အသုံးအနှုန်းကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ သူက ဆုံးဖြတ်ခဲ့ပါတယ်။