ရဲမွန်
မနက်ဖြန် (ဇူလိုင် ၁၁ ရက်နေ့) တွင် စတင်ပြုလုပ်မည့် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၊ ၂၁ ရာစုပင်လုံ အစည်းအဝေးကြောင့် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ)တို့အကြား တိုက်ပွဲများ လျော့ကျသွားမည်ဟု ကေအိုင်အိုက မျှော်လင့်ကြောင်း ကချင်လွတ်လပ်ရေးကောင်စီ (ကေအိုင်စီ)၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
ကေအိုင်အေအတွက် ဦးဆောင်တက်ရောက်လာသည့် ဗိုလ်ချုပ်ဂွမ်မော်အနေဖြင့် နေပြည်တော်သို့ ယနေ့ညနေပိုင်းက ရောက်ရှိလာချိန်တွင် သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ပင်လုံညီလာခံသည် ဆွေးနွေးမှုများ အဓိကပြုလုပ်ရန် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ မျှော်လင့်ပါတယ်။ အဓိက ဒီပွဲမှာ ဆွေးနွေးမှုတွေ အဓိက မဟုတ်ဘဲနဲ့ ကျွန်တော်တို့ အဆက်ပြတ်နေတဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးတွေ ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းက အဓိကကျပါတယ်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
ဇူလိုင် ၁၁ မှ ၁၆ ရက်နေ့အထိ ငါးရက်ကြာပြုလုပ်မည့် ပင်လုံညီလာခံသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု သိထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်အားလုံး တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေပြီလည်း ဖြစ်သည်။
ထို့ပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ပင်လုံညီလာခံ တက်ရောက်ရခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှုအပေါ် ဗိုလ်ချုပ်ဂွမ်မော်က ငြင်းဆိုခဲ့ပြီး မျှော်လင့်ချက်များဖြင့် ယခုညီလာခံသို့ တက်ရောက်ရခြင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
တတိယအကြိမ် ပင်လုံညီလာခံတွင် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေယာကဏ္ဍနှင့် လူမှုရေးကဏ္ဍတို့မှ စုစုပေါင်း ၁၂ ချက် ဆွေးနွေးသဘောတူသွားရန် အစိုးရဘက်က မျှော်လင့်ထားသည်။
၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို တက်ရောက်ရန် မြောက်ပိုင်းမဟာမိတ် ခုနစ်ဖွဲ့ကို ရန်ကုန်မြို့ရှိ တရုတ်သံရုံးကတစ်ဆင့် အစိုးရက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖိတ်ကြားရာမှာ မြောက်ပိုင်းအဖွဲ့များကို တစ်ဖွဲ့ချင်းစီ ဖိတ်ကြားခဲ့သည်။ မြောက်ပိုင်းအဖွဲ့တွင် ဝ သွေးစည်းညီညွတ်ရေးတပ်(UWSA)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ် (AA)နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ် (TNLA) တို့ ပါဝင်သည်။