နံပါတ်အလှလေလံပွဲမှ အမြတ်ငွေသိန်း ၃၇၀ ကျော်ကို သုခရိပ်မြုံဂေဟာသို့ တယ်လီနော လှူဒါန်း

အထူးဖုန်းနံပါတ်အလှ လေလံပွဲမှ ရရှိခဲ့သော အကျိုးအမြတ်ငွေ ကျပ် ၃၇၈ သိန်းအား သုခရိပ်မြုံလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဇူလိုင် ၁၆ ရက်နေ့တွင် တယ်လီနောမြန်မာက လွှဲပြောင်းလှူဒါန်းခဲ့သည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် မိဘနှစ်ပါး ဆုံးပါးသွားပြီးသော၊ မိဘနှစ်ပါး သက်ရှိထင်ရှား ရှိသော်လည်း လိုအပ်သော ထောက်ပံ့မှု မပေးနိုင်သော အသက် ၁ နှစ်ခွဲမှ ၁၂ နှစ်အရွယ် HIV ကူးစက်ခံထားရသည့် ကလေးငယ်ပေါင်း ၁၂၀ ဦးခန့်ကို ပြုစုစောင့်ရှောက်ပေးလျက် ရှိသည်။

“HIV ကူးစက်ခံထားရတဲ့ မိဘမဲ့တွေနဲ့ ကလေးငယ်တွေအနေနဲ့ အထူးပညာပေးမှုတွေ၊ ဂရုစိုက်မှုတွေ၊ စိတ်ကျန်းမာရေးအတွက် အထောက်အကူတွေ လိုအပ်နေပြီး ကျွန်မတို့အနေနဲ့ သူတို့အတွက် နွေးထွေးတဲ့ ပတ်ဝန်းကျင်တစ်ခုနဲ့ မိဘတွေလို ချစ်မေတ္တာထား ပြုစုစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဂေဟာဟာ အများပြည်သူတွေရဲ့ လှူဒါန်းမှုတွေကို အားကိုးပြီး ရိုးရိုးသားသား ရပ်တည်နေတာမို့ လှူဒါန်းသူတွေကလည်း ယုံယုံကြည်ကြည်နဲ့ လှူဒါန်းလျက်ရှိကြပါတယ်။ ကလေးတွေအတွက် ကူညီပံ့ပိုးပေးကြတဲ့ နံပါတ်အလှတွေကို လေလံဆွဲဝယ်ယူသူတွေနဲ့အတူ တယ်လီနောတို့ကိုလည်း အခုလို လှူဒါန်းမှုအတွက် ကလေးငယ်တွေနဲ့ ဂေဟာကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု သုခရိပ်မြုံ ဂေဟာ၏ တည်ထောင်သူတစ်ဦးဖြစ်သူ ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

တယ်လီနောအနေဖြင့် နံပါတ်အလှလေလံပွဲများအား ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတို့တွင် လေးကြိမ်ကျင်းပခဲ့ရာ စုစုပေါင်း အကျိုးအမြတ် ကျပ် ၅၆၂ သန်းရရှိခဲ့သည်။

ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သော လေလံပွဲမှ အကျိုးအမြတ်များအား မြန်မာရွေ့လျားပညာသင်ကြားရေးစီမံကိန်း (myME) သို့ လှူဒါန်းခဲ့ပြီး မန္တလေးတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် လေလံပွဲမှ အကျိုးအမြတ်များကို ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်ရှိ မြတ်လေးရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ သင်းခရိုင် မိဘမဲ့ဂေဟာများသို့ လှူဒါန်းခဲ့သည်။ တတိယအကြိမ် လေလံပွဲမှ အကျိုးအမြတ်များကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဓမ္မဝိဒူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ လှူဒါန်းခဲ့သည်ဟု တယ်လီနော၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar