နောက်ပြန်ဆုတ်နေတဲ့ ငြိမ်းချမ်းရေး

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ရာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သူတို့ရဲ့ချဉ်းကပ်မှုကို အသေအချာ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ကချင်ပြည်နယ်ဘက်မှာ တပ်မတော်နဲ့ ကချင်လက်နက်ကိုင် KIA တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်နေလို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ အဲဒီ ကချင်ပြည်နယ်က တိုက်ပွဲတွေဟာ နှစ်ဖက် အသေအပျောက်များတဲ့ တိုက်ပွဲတွေဖြစ်တယ်လို့ သိရပါတယ်။

အခြားတစ်ဖက်မှာလည်း NCA လက်မှတ်ထိုးထားပြီးသား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ တပ်မတော် ဆက်ဆံရေးကလည်း အဆင်မပြေပါဘူး။ ဒါကြောင့်လည်း NCA စာချုပ်အရ (၆) လ တစ်ကြိမ် ကျင်းပမယ်လို့ ဆိုထားတဲ့ ၂၁ ရာစု ပင်လုံလို နိုင်ငံရေးညီလာခံတွေ မလုပ်ဖြစ်တာ တစ်နှစ်နီးပါး ရှိလာပါပြီ။ ဘယ်အချိန်လုပ်မလဲ ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါကိုကြည့်ပြီး မြန်မာ့ငြိမ်းချမ်းရေး အခြေအနေ တိုးတက်မှု မရှိဘူးလို့ ပြောနိုင်သလား၊ အကြောင်းရင်းက ဘာတွေဖြစ်မလဲ၊ ဘယ်လို ကုစားနိုင်မလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

မြန်မာ့ငြိမ်းချမ်းရေး၊ တိုးတက်နေသလား၊ ရပ်တန့်နေသလား၊ ဆုတ်ယုတ်နေသလား အကဲဖြတ်ဖို့အတွက် အပိုင်းသုံးပိုင်း ခွဲခြားကြည့်ဖို့ လိုပါတယ်။ တစ်ပိုင်းကတော့ အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားပြီးသား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေး၊ နောက်တစ်ပိုင်းကတော့ ကေအိုင်အေ ကချင်လက်နက်ကိုင် အဖွဲ့လို၊ TNLA တအာင်းပလောင် လက်နက်ကိုင်အဖွဲ့တွေလို ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံရေး၊ နောက်ဆုံး တစ်ပိုင်းကတော့ အင်အားကြီး ဝ နဲ့ မိုင်းလားအဖွဲ့တွေနဲ့ ဆက်ဆံရေးဆိုပြီး ခွဲခြားကြည့်ဖို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲကို ပြန်ကြည့်လိုက်ရင် ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ကေအင်န်ယူ ကရင်လက်နက်ကိုင်အဖွဲ့ တပ်မဟာ (၅) နဲ့ တပ်မတော်တို့ တိုက်ပွဲတချို့ ဖြစ်ပွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ချက်မှာပါတာက တပ်မတော်အနေနဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းက ၁၅ မိုင် အရှည်ရှိတဲ့ ခေးပူရွာနဲ့ လွယ်မူပလောရွာ ဆက်သွယ်ထားတဲ့ အရင်လမ်းကြောင်းဟောင်းကို ပြန်ပြီး ပြုပြင်မွမ်းမံ ဖောက်လုပ်လိုတဲ့အကြောင်း၊ ရည်ရွယ်ချက်ကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံပြည်သူတွေ အသုံးပြုနိုင်ဖို့၊ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်တွေမှာ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေဖို့ဆိုပြီး ဖော်ပြထားပါတယ်။

ဒီအတွက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ နယ်မြေခံ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ဆီကို ကြိုတင်အကြောင်းကြား ညှိနှိုင်းမှု ၁၁ ကြိမ် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာနယ်မြေခံ KNLA တပ်ဖွဲ့ဆီက သဘောတူညီချက် ရခဲ့တယ်လို့ ဖော်ပြမထားတဲ့အတွက် သဘောတူညီချက်မရဘဲ ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်ကစပြီး လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီအခါ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း လမ်းဖောက်လုပ်ရေး ပြဿနာကနေစပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီလို ပဋိပက္ခပြဿနာ အတောအတွင်း မူတြော် (ဖာပွန်) ခရိုင်ဒေသ အရေးပေါ်ကူညီပေးရေး MEAT အဖွဲ့ဝင် တစ်ယောက်ဟာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ကိစ္စလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

MEAT အဖွဲ့ဘက်ကတော့ အကူအညီပေးရေးအဖွဲ့က အရပ်သားတစ်ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပြီး တပ်မတော်ဘက်ကတော့ အဲဒီလူဟာ လက်နက်ကိုင်အဖွဲ့အစည်းက လူဖြစ်တယ်၊ နှောင့်ယှက်ပစ်ခတ်ဖို့နဲ့ မိုင်းထောင်ဖို့ ကားလမ်းပေါ် ရောက်လာတာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားတာဖြစ်ပြီး သူ့ဆီက ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရတာဝန် စ ယူကတည်းက ငြိမ်းချမ်းရေးကို ဦးစားပေးတယ်၊ ငြိမ်းချမ်းရေးရအောင် ကြိုးစားမယ်ဆိုပြီး အထပ်ထပ် အခါအခါ ပြောဆိုခဲ့ပေမဲ့ တကယ် အကောင်အထည်ဖော်တဲ့အခါ ထိုက်သင့်တဲ့ အောင်မြင်မှုမရတာ လက်တွေ့ပါ။

လက်ရှိငြိမ်းချမ်းရေး အကောင်အထည်ဖော်နေတဲ့ လူတွေကတော့ ကေအင်န်ယူမှာ တပ်မဟာ ၇ ခု ရှိတဲ့အနက် တပ်မဟာ ၄ ခုမှာ သေနတ်သံတွေမြည်တယ်၊ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်ပေမဲ့ နေရပ်စွန့်ခွာ ထွက်ပြေးမှုတွေ ဖြစ်ပေါ်လာတယ်၊ ကရင်လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသားတွေရဲ့ အစိုးရနဲ့ တပ်မတော် အပေါ်၊ NCA စာချုပ်အပေါ် ယုံကြည်မှု ကျဆင်းလာစေတယ်ဆိုပြီး မှတ်ချက်ပေးကြပါတယ်။

ဒါ့အပြင် တပ်မတော်ဟာ NCA လက်မှတ်ထိုးထားပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ ပြင်နေတဲ့ RCSS/SSA ရှမ်းတပ်ဖွဲ့၊ မွန်ပြည်သစ်ပါတီတို့နဲ့လည်း အဆင်မပြေပါဘူး။ RCSS/SSA က ကျင်းပဖို့ ပြင်ဆင်ထားတဲ့ လူထုတွေ့ဆုံပွဲတွေ ရပ်ဆိုင်းထားရပြီး နောင် ဘယ်တော့ကျင်းပနိုင်မလဲ မမှန်းဆနိုင်သေးပါဘူး။ အလားတူ မွန်ပြည်သစ်ပါတီကလုပ်မယ့် လူထုတွေ့ဆုံပွဲတွေကိစ္စမှာလည်း တပ်မတော်နဲ့ ညှိနှိုင်းမရ ဖြစ်ခဲ့ပါသေးတယ်။

အခု မွန်ပြည်သစ်ပါတီဘက်က လူထုတွေ့ဆုံပွဲတစ်ခုကို သူ့နယ်မြေ ရေးချောင်းဖျားမှာ ကျင်းပခဲ့ပါတယ်။ သူ့နယ်မြေမှာ သူ ကျင်းပတာဖြစ်တော့ ဘာပြဿနာမှ ပေါ်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ အစိုးရနယ်မြေအတွင်း ကျင်းပမယ့် လူထုတွေ့ဆုံပွဲတွေကိစ္စကိုတော့ ညှိရနှိုင်းရဦးမှာ ဖြစ်ပါတယ်။ ညှိနှိုင်းလို့ အဆင်မပြေရင် ရှမ်းတပ်ဖွဲ့လိုပဲ ပြဿနာတွေ ဆက်ပေါ်နိုင်ပါသေးတယ်။ ဒါဆိုရင် ၂၁ ရာစု ပင်လုံညီလာခံ ဆိုတာလည်း ကျင်းပဖို့ ဖြစ်နိုင်ဦးမှာ မဟုတ်ပါဘူး။

ကချင်ပြည်နယ်ဘက်အခြမ်း ပြန်ကြည့်လိုက်တော့ အဲဒီထက် အခြေအနေဆိုးနေတာ တွေ့ကြရပါတယ်။ တပ်မတော်နဲ့ ကေအိုင်အေ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်နေခိုက်နေကြတာ တွေ့ကြရပါတယ်။ ကေအိုင်အေဘက်က ပူတာအိုကားလမ်းက တံတားတစ်ခုကို ဖျက်ဆီးပစ်တာ၊ တပ်မတော်အရာရှိနဲ့ အကြပ်တပ်သားတချို့ သေကြေစေခဲ့တဲ့ စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုလုပ်တာ၊ မိုင်းစစ်ဆင်ရေးတွေ၊ ဖြတ်တောက်စစ်ဆင်ရေးတွေ လုပ်မယ်လို့ကြေညာ၊ တိုက်ခိုက်ခဲ့သလို တပ်မတော်ဘက်ကလည်း နယ်မြေရှင်းလင်းရေးနဲ့ စခန်းသိမ်းတိုက်ပွဲတွေ တိုက်ခိုက်ခဲ့တာ တွေ့မြင်ကြရပါတယ်။ တပ်မတော်နဲ့ ကေအိုင်အိုအကြား bilateral လို့ခေါ်တဲ့ နှစ်ဖက် အပစ်ရပ်စာချုပ် တခုတလေ မရှိတာက ပဋိပက္ခကို ပြေငြိမ်းအောင်လုပ်ဖို့ရာ အခက်အခဲ ဖြစ်စေပါတယ်။

အစိုးရ၊ တပ်မတော်နဲ့ ဝ၊ မိုင်းလား အဖွဲ့တွေရဲ့ ဆက်ဆံရေးကို ကြည့်ရင်လည်း ဘာတစ်ခုမှ တိုးတက်မှု မတွေ့ကြရပါဘူး။ ငြိမ်းချမ်းရေးလုပ်ကြဖို့ တရုတ်နိုင်ငံဘက်ကနေ ဝ၊ မိုင်းလား အဖွဲ့တွေကို ဘယ်လောက်ပဲ ဖိအားပေးသည်ဖြစ်စေ၊ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို နှစ်နှစ်ကာကာ လိုလိုလားလား မရှိသေးသမျှ ဆွေးနွေးပွဲအဆင့် ပေါ်ပေါက်ဖို့တောင် မရှိသေးပါဘူး။

လက်ရှိအချိန်ထိ အစိုးရနဲ့ တပ်မတော်ဘက်က ဝ၊ မိုင်းလား အဖွဲ့တွေ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ပဲ ပြောနေသလို ဝ၊ မိုင်းလားဘက်ကလည်း အစိုးရ၊ တပ်မတော်အနေနဲ့ သူတို့ဖွဲ့ထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တွေ့ဆုံစကားပြောဖို့ပဲ လိုလားနေပါသေးတယ်။ အဓိပ္ပာယ်ကတော့ နှစ်ဖက်စလုံး ဘာအလျော့အတင်းမှ လုပ်လိုတဲ့အနေအထား မတွေ့ကြရသေးပါဘူး။

ဒီအခြေအနေတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့ကိုမတိုးတက်ရုံမက နောက်နည်းနည်း ပြန်ဆုတ်ချင်သလို အနေအထားမျိုးတောင် တွေ့နေရပါတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့၊ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ကိုတိုးတက်ဖို့ ဆိုရင် အဓိကအားဖြင့် တပ်မတော်ဟာ သူ့ရဲ့လက်ရှိရပ်တည်ချက်နဲ့ လှုပ်ရှားမှုတွေဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်မဖြစ် အသေအချာ ပြန်သုံးသပ်ဖို့လိုပါတယ်။

ငြိမ်းချမ်းရေးလိုချင်ရင် ငြိမ်းချမ်းရေး ရှေ့တိုးနိုင်အောင် အထောက်အကူဖြစ်စေမယ့် လုပ်ကိုင်ဆောင်ရွက်မှုတွေ လုပ်ဖို့လိုပါမယ်။ နောက် အရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအစိုးရပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရတာဝန် စ ယူကတည်းက ငြိမ်းချမ်းရေးကို ဦးစားပေးတယ်၊ ငြိမ်းချမ်းရေးရအောင် ကြိုးစားမယ်ဆိုပြီး အထပ်ထပ် အခါအခါ ပြောဆိုခဲ့ပေမဲ့ တကယ် အကောင်အထည်ဖော်တဲ့အခါ ထိုက်သင့်တဲ့ အောင်မြင်မှုမရတာ လက်တွေ့ပါ။

ဒီအတွက် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာမှာ ဘယ်နေရာတွေမှာ မှားနေတယ်၊ ဘယ်နေရာတွေမှာ လိုအပ်ချက်ရှိနေတယ် အစရှိသဖြင့် ပြန်လည်သုံးသပ် အကောင်အထည်ဖော်သင့်ပြီ ဖြစ်ကြောင်းပါ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar