နေပြည်တော် Junction Centre တွင် ဗုံးဟု ယူဆကာ ထိတ်လန့်မှုဖြစ်ပွား

နေပြည်တော်၊ နိုဝင်ဘာ ၂၇

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်တွင် ယနေ့ညနေပိုင်းက ဗုံးဟုယူဆ၍ စုံစမ်းစစ်ဆေးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က Frontier ကို အတည်ပြု ပြောကြားသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ Junction Center ကားရပ်နားရာဝင်းအတွင်း စွန့်ပစ်ထားသည့် M-150 အချိုရည် ပုလင်းတစ်လုံးကို အဆိုပါဈေးဝယ်စင်တာ လုံခြုံရေးဝန်ထမ်းတို့က သတိထားမိပြီးနောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲစေတတ်သည့်ပစ္စည်း တစ်ခုမဟုတ်ကြောင်း ဖော်ထုတ်ရရှိသည်ဟု ရဲမှူးကြီးကပြောသည်။

“အချိုရည်ဘူးသောက်ပြီးတော့မှ သပ်သပ်ရပ်ရပ် တင်ထားတဲ့အခါကျတော့ ဗုံးလို့ယူဆတာပါ။ ကျွန်တော်တို့ သွားရှင်းလိုက်ပါပြီ”ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

အဆိုပါ အချိုရည်ပုလင်းတွေ့ရှိကြောင်း ညနေ ၃ နာရီခွဲခန့်က သတင်းရရှိပြီးနောက် ၁၅ မိနစ်အတွင်း ဗုံးမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး အများပြည်သူ အလွန်အမင်းထိတ်လန့်မှုမျိုး ဖြစ်ပွားခဲ့ခြင်းမရှိဟုလည်း ရဲမှူးကြီးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဈေးဝယ်စင်တာ၏ လုံခြုံရေးတာဝန်ရှိသူတို့ထံ မေးမြန်းရန် Frontier က ကြိုးပမ်းခဲ့သော်လည်း အခွင့်မသာခဲ့ပေ။ ထိုသို့ဖြစ်ပွားပြီးနောက် မျက်မြင်တွေ့ရှိချက်အရ အဆိုပါ စင်တာနှင့် အနီးပတ်ဝန်းကျင်အတွင်း ရဲတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးယူထားခြင်းရှိသော်လည်း ပြည်သူတို့မှာမူ ပုံမှန်လှုပ်ရှားသွားလာလျှက်သာရှိသည်ကို တွေ့ရသည်။

နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးကြီ၏ ပြောပြချက်အရ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းရန် မရှိကြောင်းလည်း သိရသည်။

“စည်းကမ်းမဲ့ အမှိုက်ပြစ်တာပါပဲ။ ဘာမှမှမဟုတ်တဲ့အတွက် ဆက်ပြီးစုံစမ်းဖို့မရှိပါဘူး” ဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

အဆိုပါ ထိတ်လန့်မှုကို ဖြစ်စေသည့်အချိုရည်ပုလင်းမှာ နိုဝင်ဘာ ၁၇ ရက်မှစ၍ ရန်ကုန်မြို့တွင် လေးကြိမ်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများ၌ အကြမ်းဖက်သူတို့ သုံးစွဲခဲ့သည့် ပစ္စည်းနှင့် တူညီခြင်းကြောင့် ဈေးဝယ်စင်တာ လုံခြုံရေးတာဝန်ယူထားသူများက စိုးရိမ်မှု ရှိခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ သတိရှိခြင်းအပေါ် ချီးကျူးကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးကြီး ဇော်ခင်အောင်က Frontier ကို ပြောသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar