နေပြည်တော်၌ ဖမ်းထားသည့် သတင်းထောက်များ၏ အခြေအနေ

နေပြည်တော်၊ အောက်တိုဘာ ၂၈

နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများကို ဒရုန်းဖြင့် ရိုက်ကူးရန်ပြင်ဆင်နေစဉ် ထိန်းသိမ်းခံထားရသည့် သတင်းထောက်များ၏ အခြေအနေမှာ ၂၄ နာရီကျော်သည်အထိ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

“လောလောဆယ်က အဖွဲ့နဲ့ နည်းနည်းမေးမြန်းနေတုန်းမို့၊ စစ်တာတွေပြီးမှ ပြောနိုင်မှာပါ”ဟု နေပြည်တော်တိုင်း၊ ဒုတိယရဲတပ်ဖွဲ့မှူး(ခေတ္တရဲတပ်ဖွဲ့မှူး) ရဲမှူးကြီး ရွှေသောင်းက ယနေ့ နံနက် ၁၀ နာရီခန့်တွင် Frontier ကို ပြောသည်။

၎င်းတို့အား မည်သည့်နေရာတွင် ထိန်းသိမ်းထားပါသနည်းဟု ဆက်လက်မေးမြန်းရာ “အဲဒါကတော့ လိုအပ်တဲ့ နေရာမှာ ထိန်းသိမ်းထားပါတယ်။ ရှိပါတယ်” ဟုသာ ရဲမှူးကြီးက ပြန်လည်ဖြေကြားသည်။

အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း၌ ထိန်းသိမ်းခံထားရသူများမှာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှဖြစ်ပြီး မလေးရှားနိုင်ငံ သူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့် အတူ မြန်မာနိုင်ငံသား စကားပြန် မောင်အောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ဖြစ်သည်။

နေပြည်တော်တွင် ထိုသို့ထိန်းသိမ်းခဲ့ပြီးနောက် ယမန်နေ့ညပိုင်းတွင် မြန်မာစကားပြန် အောင်နိုင်စိုး၏ ရန်ကုန်မြို့နေအိမ်သို့ ရဲတပ်ဖွဲ့က လာရောက်ရှာဖွေမှုများလည်း ပြုလုပ်ခဲ့သည်။ ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်နှင့် နေအိမ်သို့ ဝင်ရောက်ရှာဖွေမှု၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ စစ်ဆေးမှုများကို နှစ်နာရီနီးပါး ကြုံခဲ့ရသည်ဟု အောင်နိုင်စိုး၏ ဖခင်က Frontier ကို ပြောသည်။

ရန်ကုန်၌ စစ်ဆေးမှုအတွင်း နိုင်ငံသားကတ်ပြား(ပန်းရောင်)ရထားသူများဖြစ်၍ လဝက ဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ မတွေ့ခဲ့ရသော်လည်း memory stick ၅ ခုကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းသွားသည်ဟု သိရသည်။

“အိမ်မှာလည်း ဘာမှမတွေ့ပါဘူး။ memory stick ကို စစ်တော့လည်း ရှုခင်းပုံတွေပဲ တွေ့ပါတယ်။ ဖွင့်ကြည့်တဲ့ပြီးနောက် ရှာဖွေပုံစံမှာ ထူးခြားဖြစ်စဉ်မရှိပါလို့ လက်မှတ်ထိုးထားတာတွေ့တယ်”ဟု အောင်နိုင်စိုး၏ ဖခင် ဦးဖာရွတ်က ပြောသည်။

ဖမ်းဆီးခံထားရသူမှာ မည်သည့်နေရာတွင် ရှိနေသည်ကို မိသားစုဝင်များ ယခုတိုင်မသိရသေးသကဲ့သို့ အာဏာပိုင်များ၊ သတင်းဌာနတာဝန်ရှိသူများအပါအဝင် မည်သူ့ထံမှ အဆက်အသွယ်မရသေးဟုလည်း သိရသည်။

အစိုးရ၏ ယမန်နေ့ည ထုတ်ပြန်ချက်၌မူ နိုင်ငံခြားသားနှစ်ဦး၏ သက်ဆိုင်ရာ နိုင်ငံသံရုံးများသို့ ဆက်သွယ် အကြောင်းကြားထားသည်ဟု ပါဝင်သည်။ Fronteir အနေဖြင့်မူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ သံရုံးများ၊ တူရကီအခြေစိုက် သတင်းဌာနတို့နှင့် ဆက်သွယ်ရန် ကြိုးပမ်းနေသော်လည်းမရသေးပေ။

ရဲမှူးကြီး ရွှေသောင်း၏ အဆိုအရ ၎င်းတို့ကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ လတ်တလော အမှုဖွင့်ထားသည်ဟု သိရသည်။ ယင်းမှာ ကန့်သတ်တားမြစ် ပိတ်ပင်ထားသည့် ကုန်ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ တင်ပို့၊ တင်သွင်းခြင်း၊ ခွင့်ပြုချက်ရှိသော်လည်း သတ်မှတ်စည်းမျဉ်းများကို ဖောက်ဖျက်လျှင် အရေးယူနိုင်သည့် ပုဒ်မအဖြစ် အဆိုပါ ဥပဒေတွင် တွေ့ရသည်။

ထိုသို့ကျူးလွန်ပါက ပစ္စည်းကို သိမ်းဆည်းရန်၊ ပြစ်မှုထင်ရှားစီရင်ခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်ဟု ဥပဒေ၌ ပြဌာန်းထားသည်။

အောင်နိုင်စိုးဖက်မှ လိုက်ပါဆောင်ရွက်ရန် သူ့မိသားစုက ချိတ်ဆက်ထားသည့် တရားလွှတ်တော်ရှေ့နေကမူ အဆိုပါ ပုဒ်မမှာ ဘာသာပြန်အဖြစ်၊ မော်တော်ယာဉ်မောင်းနှင် ပို့ဆောင်သူအဖြစ် ပါဝင်သော မြန်မာနိုင်ငံသားများနှင့် မည်သို့သက်ဆိုင်သည်ကို ရှင်းလင်းစွာမသိရသေးဟု Frontier ကို ပြောသည်။

“အာမခံလည်းရမယ့်ပုဒ်မခင်ဗျ”ဟု အခမဲ့ရှေ့နေလိုက်ပေးသည့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း၏ နေပြည်တော်တာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။ လတ်တလော အစီအစဉ် အနေဖြင့် နေပြည်တော်သို့ မိသားစုဝင်များ ရောက်လာပါက ရဲစခန်းများနှင့် ဆက်သွယ်၍ ရှေ့နေလုပ်ငန်းစဉ်များ စတင်ရန် စိစဉ်နေသည်ဟု ၎င်းက ရှင်းပြသည်။

အမှုဖွင့်ခံထားရသူများကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)အနီး၌ လွှတ်တင်နေသည့် MAVIC အမျိုးအစား ဒရုန်းခဲရောင်နှင့် အဝေးထိန်းခလုတ်တို့နှင့်အတူ တွေ့ရှိခဲ့သည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar