နေပြည်တော်၌ ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းတို့ကို ဒုတိယစွဲချက်အတွက် ရုံးထုတ်

နေပြည်တော်၊ နိုဝင်ဘာ ၁၆

နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းလွှတ်တင်မှုဖြင့် ပြီးခဲ့သည့်လက ဖမ်းဆီးခံထားရသည့် သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းတို့အား ဒုတိယမြောက်စွဲချက်အတွက် နေပြည်တော်တွင် ယနေ့ရုံးထုတ်ခဲ့သည်။

ပထမအကြိမ် ရုံးထုတ်ကာ ပထမစွဲချက်အတွက် အကျဉ်းနည်းဖြင့် စစ်ဆေး ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယမြောက် ရုံးထုတ်ခြင်းလည်း ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း၌ ထိန်းသိမ်းခံခဲ့ရသူများမှာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် မောင်အောင်နိုင်စိုးနှင့် ယာဉ်မောင်းဦးလှတင်တို့ဖြစ်ကြသည်။

၎င်းတို့သည် ဒရုန်းအား ပြည်တွင်းသို့ သယ်ဆောင်လာခြင်းအတွက် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သည့် ထုတ်ကုန် သွင်းကုန်ဥပဒေဖြင့် တရားစွဲဆိုမှုကို ရင်ဆိုင်နေကြရသည်။

npt4-10.jpg

 title=

title=

နှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ယနေ့ကြားနာမှုတွင် ၎င်းတို့အား ဖမ်းဆီးခဲ့သည့် အရာရှိကို စစ်ဆေးခဲ့သည်။ ၎င်းတို့ အသုံးပြုသည့် ဒရုန်းအား ပြည်တွင်းသို့ သယ်ဆောင်လာရာတွင် အကောက်ခွန်ဌာနထံ အသိပေး ကြေညာခဲ့ခြင်း မရှိသည်ကို လူဝင်မှုကြီးကြပ်ရေးအရာရှိများထံမှ သိရှိခဲ့သည်ဟု အဆိုပါအရာရှိက တရားရုံးတွင် ပြောကြားခဲ့သည်။

သို့သော် တရားစွဲသက်သေ ရှစ်ဦးမှာ တရားရုံးသို့ ယနေ့လာရောက်ခဲ့ခြင်း မရှိပေ။

အမှုအား နိုဝင်ဘာ ၂၀ ရက်နေ့တွင် ဆက်လက်စစ်ဆေးရန် တရားရုံးက ချိန်းဆိုထားပြီး ထိုမတိုင်မီ အမှုအား ပိတ်သိမ်းပေးရန် တာဝန်ရှိသူများထံ စာရေးသားပေးပို့သွားမည်ဟု သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းတို့၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က တရားရုံးအပြင်ဘက်တွင် သတင်းထောက်များအား ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့က ရုံးချိန်းတွင်မူ ဒရုန်းပျံသန်းမှုအတွက် ကိုလိုနီခေတ် ၁၉၃၄ ခုနှစ်ကတည်းက ရှိခဲ့သည့် လေကြောင်းပျံသန်းမှုဥပဒေဖြင့် ၎င်းတို့လေးဦးအား ထောင်ဒဏ်နှစ်လစီ ချမှတ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါစွဲချက်အား ဝန်ခံလိုက်ပါက ဒဏ်ငွေသာ ချမှတ်နိုင်မည်ဟု ယူဆခဲ့ကြသည့်အတွက် အမှုတွင် အပြစ်ရှိသည်ဟု လေးဦးလုံးက တရားရုံးသို့ ဝန်ခံခဲ့သော်လည်း ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်ဟု ဦးခင်မောင်ဇော်က ပြောသည်။

သတင်း- ဗစ်တိုးရီးယား မီလ်ကို

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar