နေပြည်တော်ရှိ လွှတ်တော်အနီးတွင် ဒရုန်းလွှတ်တင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ပြင်သစ်နိုင်ငံသားကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် တရားရုံးက အလုပ်နှင့် ထောင်ဒဏ်တစ်လ ချမှတ်လိုက်သည်။
အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Arthur Desclaux သည် ဖေဖော်ဝါရီ ၇ ရက်နေ့က နေပြည်တော်တွင် အဖမ်းခံခဲ့ရပြီးနောက် ထုတ်ကုန်၊ သွင်းကုန်ဥပဒေဖြင့် စွဲချက်များကို ရင်ဆိုင်နေရသည်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က နေပြည်တော်တွင် ပထမဆုံးအကြိမ် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် ဥတ္တရသီရိတရားရုံးက ယနေ့အမိန့်ချလိုက်ခြင်းဖြစ်သည်။
၎င်းက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည့်အတွက် သက်ညှာစွာအမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု တရားသူကြီး ဒေါ်ဆုလာဒ်ရတနာက ပြောကြားသည်။
ပြင်သစ်သံရုံးမှ တာဝန်ရှိသူက “၎င်း၏ စိတ်ရင်းကောင်းမွန်မှုကို” တရားသူကြီးက ထည့်သွင်းစဉ်းစားခဲ့သည့်အတွက် ကျေနပ်မှုရှိသည်ဟု တရားရုံးအပြင်ဘက်တွင် ပြောကြားခဲ့သည်။
“ရိုးရိုးကမ္ဘာလှည့်ခရီးသည်တစ်ဦးအတွက် ထောင်ဒဏ်တစ်လကတော့ များနေပါသေးတယ်” ဟု ကောင်စစ်ဝန်ဖြစ်သူ Frederic Inza ကပြောကြားသည်။ ထိုအန္တရာယ်ကို ကမ္ဘာလှည့်ခရီးသည်များ သိရှိစေရန် သံရုံးအနေဖြင့် စတင်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကပြောသည်။
“တခြားသူတွေလည်း ဒီလိုပြင်းထန်တဲ့အနေအထား ကြုံရလာမှာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်။ ဒရုန်းတွေကို ပိုပိုပြီး သုံးလာကြပြီဆိုတော့လေ” ဟု ၎င်းကပြောသည်။
ထိုပြစ်မှုအတွက် အပြင်းထန်ဆုံးချမှတ်နိုင်ငံသည့် ပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်သည်။
၂၀၁၇ ခုနှစ်ကလည်း ကျယ်ဝန်းသည့် လွှတ်တော်ဝန်းအနီးတွင် ဒရုန်းလွှတ်တင်ခဲ့ပြီးနောက် သတင်းထောက်သုံးဦးနှင့် ယာဉ်မောင်းဖြစ်သူတို့မှာ ထိုပြစ်မှုဖြင့်ပင် အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် နှစ်လကြာ နေထိုင်ခဲ့ရသည်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက တူရကီနိုင်ငံပိုင် TRT ရုပ်သံလွှင့်ဌာနအတွက် မှတ်တမ်းအစီအစဉ် ရိုက်ကူးနေသည့် စင်ကာပူသတင်းထောက် Lau Hon Meng နှင့် မလေးရှားသတင်းထောက် Mok Choy Lin တို့သည် မြန်မာသတင်းထောက် အောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့နှင့်အတူ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။
လွှတ်တော်အဆောက်အဦးပေါ်တွင် ဒရုန်း ပျံသန်းခဲ့မိကြောင်းအား ဒဏ်ငွေသာ ပေးဆောင်ရလိမ့်မည်ဟု မျှော်လင့်ချက်ဖြင့် ၎င်းတို့က ဝန်ခံခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံ လေကြောင်းဥပဒေဖြင့် တရားရုံးက ၎င်းတို့အား ထောင်ဒဏ် နှစ်လစီ ချမှတ်ခဲ့သည်။