နေပြည်တော်၊ အောက်တိုဘာ ၁၅
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်အချို့ ဖမ်းဆီးရမိမှုမှာ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ပတ်သက်မှုရှိသည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။
“မိတဲ့သူတွေက ဖြိုးကိုကိုတင့်ဆန်းနဲ့ ပတ်သက်တယ်လို့တော့ ပြောလို့ရပါတယ်”ဟု ရဲမှူးကြီးက ဆိုသည်။
ဦးဖြိုးကိုကိုတင့်ဆန်းမှာ မကြာသေးမီအချိန်အတွင်း မြန်မာနေရှင်နယ်လိဂ်မှ ထုတ်ပယ်ခံလိုက်ရသည့် နေပြည်တော်ဘောလုံးအသင်း၏ ဥက္ကဋ္ဌဖြစ်ပြီး ပြီးခဲ့သော အစိုးရလက်ထက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာနတို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးတင့်ဆန်း၏ သားတစ်ဦးလည်းဖြစ်သည်။
ဦးဖြိုးကိုကိုတင့်ဆန်းမှာ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမန်းဂျော်နီ (ယခုဧရာဝတီတိုင်းဝန်ကြီးချုပ်)ကို မဲထက်ဝက်ခန့်အကွာဖြင့် ရှုံးနိမ့်ခဲ့ဘူးသည်။
အဆိုပါသေနတ်များဖမ်းဆီးရမိမှုမှာ အောက်တိုဘာ ၁၅ ရက်နေ့၊ ညနေ ၅ နာရီခွဲနောက်ပိုင်း နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်တစ်ခုတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှူးကြီးက ပြောသည်။
သေနတ်အရေအတွက်မည်မျှဖမ်းဆီးရမိခဲ့ပါသနည်းဟု Frontierက မေးမြန်းရာတွင်မူ “ အများကြီးမဟုတ်ပါဘူး၊ ကိုယ်လုံခြံဖို့အတွက်ပဲ ကိုင်ဆောင်တာပေ့ါ။ အဲဒီလောက်ပါပဲ၊ ဘယ်နှစ်လက်လို့လည်း ပြောလို့မရသေးဘူး။ လောလောဆယ်သူတို့ တည်းခဲ့တဲ့နေရာစသဖြင့် လိုက်ရှာနေတော့ လောလောဆယ် အတည်ပြုလို့ မရသေးဘူး” ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးက ဖြေကြားသည်။
သို့သော် သေနတ်များမှာ ပြည်တွင်းတွင် သုံးစွဲလေ့ရှိသည့်အမျိုးအစားမျိုးမဟုတ်ဘဲ နိုင်ငံခြားဖြစ် အကောင်းစား ပစ္စတိုသေနတ်များဖြစ်သည်ဟု ရဲမှူးကြီးထံမှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်သည့် လူသုံးဦးကို ဖမ်းဆီးထားပြီး ကနဦး စစ်ဆေးချက်များအရ အကြမ်းဖက် အဖွဲကအစည်းနှင့် အခြားသော မည်သည့်အဖွဲ့အစည်းမျိုးနှင့်မျှ မပတ်သက်ဟု အထက်ပါရဲတပ်ဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။
သေနတ်များဖြင့် ဖမ်းဆီးရမိထားသူတို့မှာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Frontier က ရောက်ရှိခဲ့သည့် အောက်တိုဘာ ၁၅ ရက်၊ ည ၁၁ နာရီဝန်းကျင်အထိ လေဆိပ်အတွင်းတွင် ထိန်းသိမ်း စစ်ဆေးနေဆဲဖြစ်သည်ဟု ရဲမှူးကြီးဇော်ခင်အောင်က ပြောသည်။
Frontier က အတည်မပြုနိုင်သေးသော သတင်းများအရ ရန်ကုန်သို့ ည ၇ နာရီခန့်အချိန်တွင် ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးစဉ်မတိုင်မီ ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦးကို သေနတ် ၂ လက်နှင့် ဖမ်းဆီးရမိသည်ဟု ဆိုသည်။
ဦးဖြိုးကိုကိုတင့်ဆန်း၏ မိသားစုနှင့် လက်ရှိအချိန်အထိ ဆက်သွယ်၍ မရသေးပေ။
သတင်း- ဉာဏ်လှိုင်လင်း