ဟိန်းကိုစိုး
နေချင်စဖွယ်ရှိတဲ့ ရန်ကုန်မြို့တော်ဖြစ်ရေးအတွက် လူငယ်များဆက်တွေမှာ တာဝန်ပိုပြီးရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်လာရမယ်ဆိုတဲ့ ကျွန်တော်တို့ ပန်းတိုင်ရှိရမယ်။ ထင်ရာမြင်ရာ လျှောက်သွားနေတဲ့ အခြေအနေမျိုး မဖြစ်အောင် နိုင်ငံသားတွေ အားလုံး ရင်ထဲမှာ ငါတို့ ဘယ်လို လုပ်ကြမလဲဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ရှိသင့်ပါတယ်။ လူငယ်မျိုးဆက်တွေမှာ ပိုပြီးရှိသင့်ပါတယ်” လို့ သြဂုတ် ၂၄ ရက်နေ့က တိုင်းဒေသကြီးရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
ရွေးကောက်ပွဲအနိုင်ရရှိခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖြင့် တာဝန်ယူခဲ့သည့်အချိန်က စတင်ကာ လုပ်ကိုင်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“နေချင်စဖွယ်မြို့ဖြစ်ဖို့ကို အားလုံးကြိုးစားကြရပါမယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ နေချင်စဖွယ်မြို့ဖြစ်အောင်လုပ်ဖို့၊ အဲလိုမလုပ်ဖူးဆိုရင် ဒီမြို့က မြို့ပျက်ကြီးဖြစ်သွားမှာပေါ့” လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ဒီအတွက် အားလုံးဟာ ဒီဟာကြိုးကို ကြိုးစားရမယ်။ အဲဒီရည်မှန်းချက်ပန်းတိုင်ကိုထားပြီး အားလုံးရဲ့ရင်ထဲ ဖြစ်ကို ဖြစ်အောင်လုပ်ကြမယ်လို့ ဝိုင်းပြီး ရည်မှန်းချက်ထားပြီးတော့ ကျွန်တော်တို့ လုပ်ကြမယ်။ ဒီအတွက် ကျွန်တော်တို့ ဒီရည်မှန်းချက်ပန်းတိုင် ရောက်ကိုရောက်အောင် လုပ်ရမယ်” လို့ သူကပြောပါတယ်။
“အဲဒီဟာ ဘယ်တော့ရမလဲ။ ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းကြိုးပမ်းနိုင်တဲ့အချိန်၊ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အထိ လျှောက်ရမယ်” လို့လည်း သူက ပြောပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဦးဖြိုးမင်းသိန်းက ရန်ကုန်ဆိပ်ကမ်းတွေကို ပိုမိုကောင်းမွန်တဲ့နေရာမှာ တည်ဆောက်ရေး၊ ဒလတံတားတည်ဆောက်ဖို့ ပြင်ဆင်နေမှုတွေနဲ့ ရန်ကုန်မြို့တော် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေတာတွေကို ပြောကြားသွားခဲ့ပါတယ်။
ရန်ကုန်မြို့တော် ရေကြီးနစ်မြုပ်မှု မဖြစ်ပေါ်စေဖို့အတွက် အစိုးရက ရေလမ်းကြောင်းတွေ တူးဖော်ဆောင်ရွက်ထားတာကြောင့် နိုင်ငံအနှံ့ရေကြီးမှုတွေ ဖြစ်ပေါ်နေချိန်မှာတောင် ရန်ကုန်မှာ ရေကြီးမှု မဖြစ်ပေါ်နိုင်တော့ဘူးလို့ ဦးဖြိုးမင်းသိန်းက ပြောကြားသွားပါတယ်။