ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ပုံတူကျောက်သားရုပ်တုကို နီပေါနိုင်ငံ၊ လုမ္ဗိနီမြို့တွင် မေ ၁၇ ရက်နေ့က ဖွင့်လှစ်ခဲ့သည်ဟု ရန်ကုန်မြို့ရှိ ဦးသန့်နေအိမ်ပြတိုက်က သတင်းထုတ်ပြန်သည်။
ဗုဒ္ဓဘုရားဖွားမြင်ရာဒေသတွင် ထားရှိသည့် အဆိုပါရုပ်တုဖွင့်ပွဲတွင် ဦးသန့်၏ သားဖြစ်သူ ဒေါက်တာသန့်မြင်ဦးက အမှတ်တရစကားပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသား ဦးသန့်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူး ထမ်းဆောင်နေစဉ် လုဗ္မိနီသို့ ၁၉၆၇ ခုနှစ်၊ ဧပြီလတွင် သွားရောက်လည်ပတ်ခဲ့သည်။ ဗုဒ္ဓဖွားမြင်ရာဒေသသို့ ရောက်ရှိခြင်းကြောင့် “ဘဝမှာ အရေးပါလှတဲ့ နေ့ရက်များထဲမှ တစ်ရက်ဖြစ်ခဲ့ရသည်” ဟု ဦးသန့်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အချိန်က အပစ်ပယ်ခံထားရသည့် လုမ္ဗိနီသို့ ဘုရားဖူးများ လာရောက်နိုင်ရန်၊ အပြည်ပြည်ဆိုင်ရာ ခရီးသွားများ လာရောက်နိုင်ရန်နှင့် ခန္တီစတရားနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ သင်္ကေတအဖြစ် ဖန်တီးနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာထောက်ပံ့မှုများ ရရှိနိုင်ရေးကို ထိုခရီးစဉ်အပြီးတွင် ဦးသန့်က ဆောင်ရွက်ခဲ့သည်။
ဦးသန့်က နယူးယောက်သို့ ပြန်ရောက်ချိန်တွင် လုမ္ဗိနီစီမံကိန်းကြီးနှင့် လုမ္ဗိနီကိုအပြည်ပြည်ဆိုင်ရာနေရာ
ဖြစ်လာရေးလုပ်ငန်းစဉ်တို့ကို စတင်ဆောင်ရွက်ခဲ့သည်။ ဗုဒ္ဓဖ ွားမြင်ရာဒေသအား ဗုဒ္ဓဘာသာဝင်များအပြင် ဗုဒ္ဓဘာသာဝင်မဟုတ်သူများအတွက်ပါ ကြည်ညိုအားကျစရာ ဖြစ်လာစေရန်၊ ငြိမ်းချမ်းရေး၊ ခန္တီစတရားနှင့် ဖွံ့ဖြိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ သင်္ကေတ ဖြစ်လာစေရန် ဦးသန့်က ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
ထိုဒေသဖွံ့ဖြိုးလာရေးအတွက် ကန်ဇိုတန်ဂျီစီမံကိန်းကို ၁၉၇၈ ခုနှစ်တွင် နီပေါအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့တို့က အတည်ပြုခဲ့သည်။
လုမ္ဗိနီတွင်ထားရှိသည့် ဦးသန့်၏ရုပ်တုကို ကတ်သ်မန်ဒူမြို့အနီးရှိ ရှေးဟောင်းမြို့တော်ပတန်မှ ကျွမ်းကျင်သည့် ကျောက်ဆစ်ပညာရှင်များက ထုလုပ်ပေးခဲ့သည်ဟု သိရသည်။
ဦးသန့်သည် ကုလသမဂ္ဂ၏ တတိယမြောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။