ဓာတ်ပုံ – စိုးသန်းလင်း
နေပြည်တော်၊ ဒီဇင်ဘာ ၇
ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာရှိ အင်န်အယ်လ်ဒီအမတ်များ အစည်းအဝေးခန်းမ၌ အမျိုးသားနှင့် ပြည်သူ့လွှတ်တော်တို့မှ တိုင်းရင်းသားလွှတ်တော်အမတ်တို့နှင့် ၂၅ မိနစ်ခန့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဗမာလည်း တိုင်းရင်းသားပဲ၊ ဗမာအပါအဝင် တိုင်းရင်းသားအားလုံးဟာ ပြည်ထောင်စုကြီးအတွက် ငါတို့ ဘာပေးနိုင်သလဲ။ မချမ်းသာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပေးနိုင်တာတွေ ဆောင်ရွက်နိုင်တာတွေ ရှိတယ်။ တိုင်းရင်းသားအားလုံးဟာ ငါတို့ ဘာပေးနိုင်သလဲဆိုတဲ့ စိတ်ဓာတ်နဲ့ ပြည်ထောင်စုကြီးကို ချဉ်းကပ်ပြီး စုပေါင်းဆောင်ရွက်ကြရင် ပြည်ထောင်စုကြီးဟာ တကယ်ကို ငြိမ်းချမ်းနိုင်မယ်။ တကယ်ကို ဖွံ့ဖြိုးတိုးတက်နိုင်မယ်။
“ငါတို့ ဘာရမလဲဆိုတာ နံပါတ် ၁ မဟုတ်ပါဘူး၊ ငါတို့ဘာပေးနိုင်မလဲ ဆိုတာကို နံပါတ် ၁ ထားမယ်ဆိုလို့ရှိရင် တကယ်ကို အောင်မြင်မှာပါ”ဟုလည်း ဒေါ်စုက ပြောသည်။
ရုပ်ပိုင်းဆိုင်ရာ ပေးနိုင်သည်များကို ပြောခြင်း မဟုတ်ကြောင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တန်ဖိုးရှိသည့် ပေးစရာများ တိုင်းရင်းသားတို့ထံ၌ များစွာ ရှိကြောင်း၊ ယင်းစိတ်ဓာတ်ဖြင့် အားလုံး ဝိုင်းဝန်း လုပ်ဆောင်ကြမည်ဆိုပါက ပြည်တွင်း ငြိမ်းချမ်းရေးကို မလွဲမသွေ ရကို ရမည်ဟု ယုံကြည်ပါကြောင်းနှင့် တိုင်းရင်းသားအားလုံးက ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးကြပါမည့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။
သတင်း – စိုးသန်းလင်း