နိုင်ငံသားများ လွတ်လပ်စွာ စီးပွားရေး လုပ်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုများလာရန် မူဝါဒ သီးသန့် ရေးဆွဲမည်

နေပြည်တော်၊ ဇူလိုင် ၂၉ 

အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်အစိုးရသည် ၎င်းတို့အာဏာရပြီးနောက် လေးလမြောက်နေ့တွင် ပထမဦးဆုံးသော စီးပွားရေးမူဝါဒကို ထုတ်ပြန်လိုက်ပြီဖြစ်ရာ ယင်းအထဲတွင် ပြည်သူတိုင်း မိမိလုပ်ကိုင်လိုသည့်စီးပွားရေးကို လွတ်လပ်စွာလုပ်ကိုင်နိုင်ရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန် မူဝါဒ သီးသန့်ရေးဆွဲမည်ဟု ပါရှိသည်။

အချက် ၁၂ ချက်ပါဝင်ပြီး စာမျက်နှာ သုံးမျက်နှာသာရှိသည့် ယင်းနိုင်ငံလုံးဆိုင်ရာမူဝါဒကို နေပြည်တော်တွင် ဇူလိုင် ၂၉  ရက် သောကြာနေ့၌ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ထိုအထဲတွင် အချက်တစ်ချက်အနေဖြင့် ထိုကဲ့သို့ပါရှိခြင်းဖြစ်သည်။

မူဝါဒတွင် “ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍတိုးတက်ရေးအတွက်”  အထက်ပါကဲ့သို့ သီးသန့်မူရေးဆွဲရန် စီစဉ်ခြင်းဖြစ်သည်ဟု ယေဘုယျဖော်ပြထားသော်လည်း မည်သို့စီမံဆောင်ရွက်မည်ကိုမူ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

ထို့ပြင် အခြားကဏ္ဍများနှင့်ပတ်သက်၍လည်း မူဝါဒစာတမ်းများသီးသန့်ထုတ်ပြန်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင်ပြောကြားခဲ့သေးသည်။

“ရင်းနှီးမြှုပ်နှံမှုနဲ့ စွမ်းအင်၊ အခြေခံအဆောက်အဦနဲ့ ပတ်သက်ပြီး အင်မတန်အရေးကြီးမှန်းသိလို့ အသေးစိတ်စာတမ်းသပ်သပ်ထုတ်မှာပါ။ ဒီကနေ့ကတော့ ယေဘုယျ ကျွန်မတို့ရဲ့ စီးပွားရေးမူဝါဒကို ထုတ်တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အခမ်းအနားတွင် ဦးကျော်ဝင်းက မူဝါဒနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားစဉ်။ ဓာတ်ပုံ- အောင်ထက်/Voice-POOL

အခမ်းအနားတွင် ဦးကျော်ဝင်းက မူဝါဒနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားစဉ်။ ဓာတ်ပုံ- အောင်ထက်/Voice-POOL

စာမျက်နှာသုံးမျက်နှာစာ ယေဘုယျဆန်သောမူဝါဒများကို ထုတ်ပြန်ရန်အတွက် အချိန်လေးလမျှယူခဲ့ရခြင်းနှင့် ပတ်သက်၍လည်း ယင်းမူဝါဒနှင့် အဓိကသက်ဆိုင်သော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက “မူဝါဒဟာ လိုအပ်တာထက်ပိုပြီး ကြန့်ကြာခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ အပြန်ပြန်အလှန်လှန် အချိန်ပေး စဉ်းစားခဲ့ရပါတယ်” ဟု ဆိုသည်။

ယင်းစီးပွားရေးမူဝါဒတွင် ပြည်ပမှ ပြန်လာသော နိုင်ငံသားများနှင့် ပြည်တွင်းနေ နိုင်ငံသားများအား အလုပ်အကိုင်ပေးနိုင်ရန်အတွက် အလုပ်သမားအင်အားအများအပြားခန့်ထားနိုင်သည့် လုပ်ငန်းများကို ကာလတိုအတွင်း ဦးစားပေးဆောင်ရွက်ရန် မူချမှတ်ထားသည်ကိုလည်း တွေ့ရသည်။

“၇၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးမှုကို ခံစားနေရပါတယ်။ ဒီပြည်သူတွေအများစု လတ်တလော နေ့စဉ်စားသောက်ဖို့ ဝင်ငွေတွေရနိုင်ရင် အခိုက်အတန့်အားဖြင့် အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းပြီးတော့ နိုင်ငံရဲ့တိုးတက်ရာ တိုးတက်ကြောင်းကို လုပ်နိုင်မယ်ဆိုတဲ့အချက်ကြောင့် စီးပွားရေးမူဝါဒမှာ အလုပ်အကိုင် ဖန်တီးရေးကို ထိပ်တန်းထားပြီး ရေးဆွဲထားတာဖြစ်ပါတယ်”ဟု ဦးကျော်ဝင်းက ပြောသည်။

မူဝါဒထဲတွင် အဆင့်မြင့်နည်းပညာဆိုင်ရာ လုပ်ငန်းများ တိုးတက်လာစေရန် အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အတွက် အထောက်အပံ့ဖြစ်သော နည်းစနစ်များ လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော် မည်ဖြစ်ပြီး၊ အိုင်ဒီများကိုလည်း ဒစ်ဂျစ်တယ်ပုံစံ ဆောင်ရွက်မည်ဟု ဆိုထားသည်။ Digital Government နှင့် eGovernment စနစ်များ ဆက်လက်ဆောင်ရွက်မည်ဟုလည်း ဖော်ပြထားသည်။

ယနေ့ မူဝါဒထုတ်ပြန်သည့် အခမ်းအနားအား နိုင်ငံပိုင် သတင်းဌာနများ၊ Sky Netနှင့် DVB မှ သတင်းထောက်များမှ လွဲလျင် Frontier အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနများကို ဝင်ခွင့်မပေးခဲ့ခြင်းကမူ အံ့အားသင့်စရာဖြစ်ခဲ့ရသည်ဟု ထိုအခမ်းအနားသို့ရောက်ရှိခဲ့သည့် သတင်းသမားများက ဆိုသည်။

သတင်း- ဉာဏ်လှိုင်လင်းနှင့် ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.