နိုင်ငံလုံးဆိုင်ရာ ပအိုဝ်းအမျိုးသားညီလာခံကို ယခုနှစ်အတွင်းကျင်းပရန် တောင်းဆို

ခွန်ယံ

ပအိုဝ်းတမျိုးသားလုံးဆိုင်ရာ အမျိုးသားညီလာခံကို ၂၀၁၉ မကုန်မီကျင်းပရန် တောင်းဆိုချက်ပါဝင်သည့် ထုတ်ပြန်ချက် လေးချက်ကို ကရင်ပြည်နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံက ဇူလိုင် ၂၁ ရက်ကထုတ်ပြန်သည်။

အမျိုးသားအင်္ဂါရပ်လက္ခဏာများ တိတိကျကျသတ်မှတ်နိုင်ရေး၊ တမျိုးသားလုံးဆိုင်ရာ မူဝါဒချမှတ်နိုင်ရေး၊ ပအိုဝ်းအမျိုးသားများအချင်းချင်း ရင်းနှီးမှု၊ လေးစားမှု၊ နားလည်မှု၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေးတို့အတွက် ဒေသစုံ၊ နယ်ပယ်စုံပါဝင်နိုင်သည့် တမျိုးသားလုံးဆိုင်ရာ ပအိုဝ်းအမျိုးသားညီလာခံကို ၂၀၂၀ မတိုင်မီကျင်းပပေးရန် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ခေါင်းဆောင်များကို ဤညီလာခံမှ လေးနက်စွာ တောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

“ကျွန်တော်တို့ ပအိုဝ်းတွေမှာ ခိုင်မာတဲ့မူဝါဒမရှိဘူး။ အဲတော့ အင်အားရှိတဲ့အဖွဲ့၊ လူပုဂ္ဂိုလ်က လုပ်သွားရင် တမျိုးသားလုံးကို ကိုယ်စားပြုသလိုလို ဖြစ်သွားတာ တွေ့ရပါတယ်။ အဲတော့ ကျွန်တော်တို့ အလွှာပေါင်းစုံပါဝင်တဲ့ ပအိုဝ်းတမျိုးသားလုံးဆိုင်ရာညီလာခံ ခေါ်ယူဖို့လိုတယ်။ ညီလာခံကနေ တမျိုးသားလုံးနဲ့ဆိုင်တဲ့ မူဝါဒတွေ၊ သဘောတူညီချက်တွေ ချဖို့လိုနေပြီ” ဟု ကရင်ပြည်နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ခွန်ဝင်းအောင်ကပြောသည်။

ထို့အပြင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ပအိုဝ်းအမျိုးသားအကျိုးစီးပွားနှင့် စည်းလုံးညီညွှတ်မှုအားကောင်းပြီး ထိရောက်စွာ လုပ်ဆောင်နိုင်မည့် ခေါင်းဆောင်မျိုး ရွေးချယ်နိုင်စေရေးအတွက် တွေ့ဆုံပွဲကျင်းပရန်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတင်မက အခြားမဲဆန္ဒနယ်များတွင်ပါ ဝင်ရောက်အရွေးခံရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အနုသုခုမပညာသင်တန်းကို ထိရောက်စွာ ဖွင့်လှစ်သင်ကြားပေးရန် အချက်များကိုလည်း တောင်းဆိုထားသည်။

ကရင်ပြည်နယ်လုံးဆိုင်ရာ ပအိုဝ်းအမျိုးသားလူငယ်ညီလာခံကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှ ၂၁ ရက်အထိ ဘားအံမြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ပအိုဝ်းလူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ပအိုဝ်းကျေးရွာကိုယ်စားလှယ်များနှင့် လေ့လာသူ ရှမ်း၊ မွန်၊ ကရင်တိုင်းရင်းသားများ ၃၀၀ ဦးဖြင့် ကျင်းပခဲ့သည်။

ယခုညီလာခံ၌ အဓိကကဏ္ဍသုံးခုဖြစ်သော ပအိုဝ်းလူငယ်နှင့် ပအိုဝ်းအမျိုးသားနိုင်ငံရေးကဏ္ဍ၊ ပအိုဝ်းအမျိုးသားအင်္ဂါရပ်လက္ခဏာများကဏ္ဍ၊ ပအိုဝ်းလူငယ်နှင့်ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများကို ဆွေးနွေးကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar