နိုင်ငံရေး ကတိကဝတ်များအတွက် အာမခံချက် ပေးနိုင်သူ မရှိဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

နိုင်ငံရေးဆွေးနွေးပွဲများနှင့် ညီလာခံများတွင် ညှိနှိုင်းဆွေးနွေးရာမှ ရရှိလာမည့် ကတိကဝတ်များအတွက် အာမခံချက် ပေးနိုင်မည့်သူ မရှိဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးငိုင်ဆာခ့်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် အင်္ဂါနေ့က ပြုလုပ်သည့် ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အခု ၂၁ ရာစု ပင်လုံညီလာခံမှာ ဘယ်လောက်ထိ အာမခံချက်ရှိမလဲဆိုတာ ဘယ်သူကမှ ဒီအချိန်မှာ အာမခံချက်ပေးနိုင်တဲ့သူ မရှိဘူးလို့ ယုံကြည်တယ်။ အာမခံပေးမယ့်သူကလည်း တာဝန်ခံမယ့်သူက ဘယ်သူ့မှာမှ မရှိဘူး” ဦးငိုင်ဆာခ့်က ဆိုသည်။

ချင်းနိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ရရှိလာမည့် တောင်းဆိုချက်များ၊ ကတိကဝတ်များအပေါ် အာမခံချက် ရရှိနိုင်မှုအပေါ် ဦးငိုင်ဆာခ့်က ဝေဖန်လိုက်ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းက ကတိပေးခဲ့တယ်။ တိုင်းရင်းသားတွေ နယ်မြေမှာသွားပြီးတော့ ကချင်ဒေသတွေ သွားတယ်။ ချင်းတကျပ်၊ ကချင်တကျပ်၊ ဗမာတကျပ် စသည်ဖြင့် မဲဆွယ်စည်းရုံးခဲ့တာတွေ ပါတယ်။ အဲဒီ ကတိကဝတ်တွေကို ယုံကြည်ခဲ့တာ မှန်ပါတယ်။ ယုံကြည်ခဲ့လို့ လုပ်ခဲ့တယ်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့အခါမှာ ဒါတွေဟာ အပြည့်အဝ အကောင်အထည် မဖော်နိုင်ပါဘူးဆိုတာ ဒါက သမိုင်းသင်ခန်းစာပေါ့” ၎င်းက ဆိုသည်။

ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို ယခုလ ၂၇ မှ မတ် ၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပမည်ဖြစ်ပြီး ယခင်က ပြည်နယ်၏မြို့တော် ဟားခါးတွင် ကျင်းပရန် လျာထားခဲ့ကြသော်လည်း အစိုးရက ခွင့်မပြုခဲ့သဖြင့် ညှိနှိုင်း ဆွေးနွေးရခြင်းများ ရှိခဲ့သည်။

ဟားခါးတွင် ကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ “အရင်တုန်းကတော့ ခွင့်မပြုဘူး၊ အဆင်သင့် မဖြစ်သေးဘူးဆိုတာမှာ အကြောင်းပြချက်တချို့ကို ပြောတာတွေ ရှိတယ်။ အဲဒီမှာ သမ္မတရုံး (ပြောရေးဆိုခွင့်ရှိသူ) ဦးဇော်ဌေးကနေ တချို့ဟာတွေကို အကြောင်းပြချက်အနေနဲ့၊ အဆင်သင့်မဖြစ်ဘူးလို့ သူယူဆတဲ့ အချက်တွေကို ပေးတာတွေတော့ ရှိတယ်” ဟု လူမှုအသင်းအဖွဲ့များကိုယ်စား ရှင်းလင်းသူ Salai Cung Lian Thaung က ဆိုသည်။

ယခုလ ၆ ရက်နေ့က နေပြည်တော်အစည်းအဝေးတွင် ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပရန် အဆင်သင့်မဖြစ်သေးဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါ အဆင်သင့်မဖြစ်သေး ဆိုသည့်အချက်ကို “ချင်းအင်အားစုများက လက်မခံ” ဟု သဘောထား ကြေညာချက်ကို ပြည်ထောင်စုနေ့ကတွင် ထုတ်ပြန်ခဲ့ကြသည်။

“ဟားခါးအစား ထန်တလန်ကို ပေးတဲ့အခါကျတော့ သူတို့ဖက်က ဘာမှ အကြောင်းပြချက် မပေးပါဘူး။ မပေးတဲ့အတွက် သူတို့ဖက်က အကြောင်းပြချက်ကို မသိဘူး” ဟု Salai Cung Lian Thaung က ဆိုသည်။

ယခု ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ချင်းလူမျိုးတို့၏ သဘောထားစုစည်းမှုကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွေဲကာ်မတီ (UPDJC) တို့မှတဆင့် ၂၁ ရာစု ပင်လုံညီလာခံသို့ တင်သွင်းသွားမည်ဖြစ်သည်။

“စိတ်တိုင်းကျမဟုတ်သော်လည်း ကျွန်တော်တို့ လက်ခံခဲ့ပါတယ်။ တဖက်က ပြောရင်တော့ ကျွန်တော်တို့ဖက်က သဘောထားကြီးပေးလိုက်တဲ့ သဘောပါ” ဟု Salai Cung Lian Thaung က ဆိုသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar