The coffin of U Zaw Shine, a tea shop stallholder who died the day before after being shot in the chest during crackdown by security forces, is displayed in Mandalay on April 27. (AFP)
အာဆီယံထိပ်သီးအစည်းအဝေးအပြီး နှစ်ရက်အကြာ ဧပြီ၂၇ရက်က စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်နှိမ်နင်းမှုအတွင်း ကျဆုံးသွားသော မန္တလေးမြို့က ထမင်းကြော်ဆိုင်ပိုင်ရှင် ဦးဇော်ရှိန်၏ ရုပ်အလောင်းကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

နိုင်ငံ“တည်ငြိမ်”မှ အကြမ်းဖက်မှုရပ်တန့်ရန်တောင်းဆိုချက်စဉ်းစား‌မည်ဟုဆို

အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များသည် အကြမ်းဖက်မှုရပ်တန့်ရေးအပါအဝင် တောင်းဆိုချက်ငါးချက်ကို သ‌ဘောတူညီထုတ်ပြန်ထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံအခြေအနေတည်ငြိမ်မှ အဆိုပါအချက်များကို စဉ်းစားပေးမည်ဟု ဧပြီ၂၇ရက်တွင်ပြောသည်။

အေအက်ဖ်ပီ

အာဆီယံအဖွဲ့ကြီး၏ တောင်းဆိုချက်များကို နိုင်ငံ့အခြေအနေတည်ငြိမ်မှ စဉ်းစားပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုသီတင်းပတ်တွင် ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့ကြီးများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဆက်လက်၍အကြမ်းဖက်နှိမ်နင်းနေပြီး နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်ပွဲဆင်နွှဲလျက်ရှိနေချိန်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ၁ရက်‌၊ အာဏာသိမ်းချိန်ကစ၍ ဧပြီ၂၇ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းမှုကြောင့် လူအယောက် ၇၅၀ကျော်သေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဖေဖော်ဝါရီ၂၄ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်သော အာဆီယံအစည်းအဝေးကို တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်နှင့် အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ သွားရောက်ခွင့်ပြုရန် စသည့်အချက်များပါဝင်သော တောင်းဆိုချက်ငါးချက်ကို သဘောတူညီခဲ့ကြသည်။

သို့သော် “အာဆီယံခေါင်းဆောင်များတောင်းဆိုသည့်အချက်များကို (မြန်မာနိုင်ငံ) အခြေအနေတည်ငြိမ်မှ စဉ်းစားပေးမည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက အစည်း‌အဝေးပြီး သုံးရက်အကြာတွင် ထုတ်ပြန်ခဲ့သည်။

အာဆီယံနိုင်ငံများသည် အာဏာသိမ်းအစိုးရ၏ အချက်ငါးချက်ပါ လမ်းပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ပေး မည်ဆိုပါက တောင်းဆိုချက်များကို အလေးထားစဉ်းစားပေးမည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားပါသည်။

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာတွင် ကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးပွဲနှင့်ပတ်သက်၍ “ကျေနပ်အားရကြောင်း”နှင့် စစ်တပ်အနေနဲ့ “အခြေအနေအမှန်” ကို အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များအား ရှင်းပြနိုင်ခဲ့‌ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အေအက်ဖ်ပီသို့ ပြောသည်။

သို့သော် အာဆီယံအဖွဲ့သည် သမိုင်းတွင် အဖွဲ့ဝင်နိုင်ငံများအပေါ် နိုင်ငံရေးအရ လွှမ်းမိုးနိုင်မှုနည်းပါးခဲ့ရာ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျပ်အတည်းကို ထိထိရောက်ရောက်ဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့က မည်သို့ဆောင်ရွက်မည်ကို မြန်မာ့အရေးလေ့လာသုံးသပ်သူများက မေးခွန်းထုတ်နေကြသည်။

အာဆီယံအစည်းအဝေးနှင့် ယင်းမှရရှိလာသော သဘောတူညီချက်များကို စစ်ကောင်စီ၏တုံ့ပြန်မှုသည် ဆုတ်ယုတ်မှုအသွင်ဆောင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်လ်က မှတ်ချက်ပြုသည်။

“အကန့်အသတ်တွေကြားက ရရှိခဲ့တဲ့ စနေနေ့က သဘောတူညီချက်ကို စစ်တပ်က နောက်ပြန်ဆွဲနေတဲ့အချိန်မှာ အာဆီယံအနေနဲ့ ချီတုံချတုံဖြစ်လို့မရပါဘူး” ၎င်းက လူမှုကွန်ရက် တွစ်တာတွင် ရေးသားခဲ့သည်။

“ဆက်လက်ပြီး အမြန်စတင်ရမယ့် နောက်ဆက်တွဲလုပ်ဆောင်ချက်တွေ၊ အချိန်ဆွဲရင် ပေးဆပ်ရမယ့် အဖိုးအခကြီးတယ်ဆိုတာ စစ်အစိုးရသိအောင် လုပ်သင့်ပါတယ်။ မြန်မာပြည်မှာ ဘယ်သူမှ တပ်မတော်ကို အယုံအကြည်မရှိလို့ပါပဲ”ဟု ၎င်းကပြောသည်။

အေအေပီပီအဖွဲ့၏ သေဆုံးသူစာရင်းထက် စစ်ကောင်စီ၏သေဆုံးသူစာရင်းက များစွာလျော့နည်းနေသည့်အပြင် ယင်းဖြစ်စဉ်များသည် “အဓိကရုဏ်းတွင်ပါဝင်သူများ”၏ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက အပြစ်လွှဲချထားသည်။

အာဆီယံအစည်းအဝေးအပြီး နှစ်ရက်အကြာတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးရှိ ဆန္ဒပြပွဲတစ်ခုကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦး ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ကြောင်း လူမှုကူညီရေးအသင်းများက ဆိုသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် စစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပါအဝင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများသည် နိုင်ငံတစ်ဝန်းထောက်ခံအားပေးမှု ကျယ်ပြန့်စွာ ရရှိနေသည်။

စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်လူသိရှင်ကြားကန့်ကွက်ကြေညာခဲ့သည့် ကရင်အမျိုးသားအစည်းအရုံးသည် ရက်သတ္တပတ်ပေါင်းများစွာ တပ်မတော်နှင့် ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ဆင်နွှဲခဲ့သည်။

ယခုသီတင်းပတ် အင်္ဂါနေ့တွင် ထိုင်းမြန်မာနယ်စပ်တစ်လျှောက် စီးဆင်းနေသော သံလွင်မြစ်အနီး ကေအင်န်ယူနှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါနေ့တွင် မြန်မာဘက်အခြမ်းမှ သေနတ်သံများ၊ ပေါက်ကွဲသံများကြားခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်အခြမ်းရှိ နေထိုင်သူများကဆိုသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း အဆိုပါတိုက်ပွဲများမှာ ကေအင်န်ယူ၏ တပ်မဟာ(၅)က ဖော်ဆောင်သော တိုက်ပွဲများဖြစ်ကြောင်းနှင့် တပ်မဟာ(၅)သည် ကေအင်န်ယူဗဟို၏ အမိန့်ကိုမနာခံဘဲ ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် တပ်မတော်ကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“လုံခြုံရေးအရ ကျနော်တို့ အရေးယူဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောသည်။

သို့သော် ကေအင်န်ယူ၏ နိုင်ငံခြားဆက်ဆံရေးဌာနမှူး ဖဒိုစောတောနီကမူ စစ်ကောင်စီ၏ ကြေညာချက်ကို “အဓိပ္ပာယ်မရှိ”ဟုဆိုပြီး ၎င်းတို့၏စစ်သားများက တပ်မတော်အခြေစိုက်စခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ပြောသည်။

“ဒီဟာက သွေးခွဲအုပ်ချုပ်တဲ့ နည်းဗျူဟာပါ။ ကျနော်တို့က ကေအင်န်ယူတပ်မဟာ(၅)ရဲ့ တိုက်ခိုက်မှုကို ခွင့်ပြုခဲ့တာပါ”ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့်လကလည်း ကေအင်န်ယူအဖွဲ့သည် အဆိုပါဒေသရှိ တပ်မတော်၏ အခြေစိုက်စစ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ပြန်လည်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီက ကေအင်န်ယူထိန်းချုပ်ရာ နယ်မြေအတွင်း ညဘက်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယင်းစစ်ဆင်ရေးမှာ လွန်ခဲ့သည့် နှစ်၂၀ကျော်အတွင် ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ် လေကြောင်းမှတိုက်ခိုက်ခြင်းဖြစ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် ဒေသခံအရပ်သားများ ၎င်းတို့၏ နေရပ်များကို စွန့်ခွာထွက်ပြေးကြရပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။ ကေအင်န်ယူနှင့် တပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ကရင်ပြည်နယ်အတွင်း အရပ်သား ၂၄,၀၀၀ခန့် ၎င်းတို့၏ နေရပ်များကို စွန့်ခွာ၍ ထွက်ပြေးကြရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.