နိုင်ငံခြားသားများအား လုပ်ငန်း ၁၅ မျိုး၌ တားမြစ်ရန် တိုင်ပင်ဆွေးနွေးမှု မရှိခဲ့ဟု လုပ်ငန်းရှင်များ ဝေဖန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

လုပ်ငန်း ၁၅ မျိုးတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တားမြစ်မှုနှင့် ပတ်သက်ပြီး ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိခဲ့ဟု လုပ်ငန်းရှင်အချို့က ဝေဖန်လိုက်သည်။

မြန်မာရင်းနှီးမြှပ်နံှမှု ကော်မရှင်၏ ဖေဖော်ဝါရီ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ စာနယ်ဇင်း ပုံနှိပ်ဖြန့်ချိခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရေချိုငါးဖမ်း လုပ်ငန်းများနှင့် ဆက်နွယ်လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ၊ သဘာဝ သစ်တောများမှ သစ်တောထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပေတိမ် ရေနံလက်ယက်တွင်းလုပ်ငန်း၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာ ရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်ပနိုင်ငံများရှိ ဆေးရုံများသို့ လူနာများ ပို့ဆောင်ခြင်းလုပ်ငန်း၊ ဧည့်လမ်းညွှန် လုပ်ငန်းနှင့် မီနီမားကက်၊ Convenience Store လုပ်ငန်း အပါအဝင် လုပ်ငန်း ၁၅ မျိုးတွင် နိုင်ငံခြားသားများ ပါဝင်လုပ်ကိုင်ခွင့်ကို တားမြစ်ထားသည်။

အဆိုပါစာရင်းကို ကော်မရှင်က ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် ၂၀၁၆ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ အကြံပြုချက်များကို ရယူခဲ့သည်ဟု ရင်းနှီးမြှပ်နံှမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေနှင့် မူဝါဒရေးရာဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သို့သော် လုပ်ငန်းရှင်အချို့ကမူ အဆိုပါကန့်သတ်ချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့နှင့် တစ်စုံတစ်ရာ ဆွေးနွေးခဲ့ခြင်းမရှိဟု ပြောကြားကြသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က “ဒီလိုကိစ္စတွေကို သတ်မှတ်ဖို့အတွက် ကျွန်တော်တို့ကို တစ်ခါမှ ခေါ်တွေ့တာ မရှိပါဘူး။ အမှန်တကယ်ဆိုရင်တော့ ခေါ်တွေသင့်တယ်။ သေချာစဉ်းစားပြီး ဆုံးဖြတ်သင့်တယ်လို့” ဟု ပြောကြားသည်။

လုပ်ကိုင်ခွင့်မပြုသည့် လုပ်ငန်း ၁၅ မျိုးအတွင် မြန်မာအပါအဝင် တိုင်းရင်းသားဘာသာများဖြင့် အချိန်မှန် ထုတ်ဝေသည့် သတင်းစာနယ်ဇင်း ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာလုပ်ငန်းလည်း ပါဝင်နေသည်။

ထို့အတူ ဂေဟစနစ်အရင်းခံ ခရီးသွားလုပ်ငန်းရှင် ဦးအောင်ဒင်ကလည်း အဆိုပါ တားမြစ်ကန့်သတ်ချက်အတွက် ၎င်းတို့ လုပ်ငန်းရှင်အချို့ထံ ကြိုတင် အသိပေးဆွေးနွေးမှု တစ်စုံတစ်ရာ လက်ခံသိရှိခဲ့မှု မရှိကြောင်း  ပြောသည်။

“ကျွန်တော်တို့ကို မဖိတ်ပါဘူး။ ကျွန်တော်တို့လည်း မသိခဲ့ရပါဘူး။ အသင်းအဖွဲ့တွေနဲ့ ဖိတ်ပြီး ဆွေးနွေးလားတော့ မသိပါဘူး” ဟု ၎င်းကပြောသည်။

ကုန်သည်စက်မှုအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ကာ လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ဘူးသူ လုပ်ငန်းရှင် ဦးမြတ်သင်းအောင်ကမူ ကော်မရှင်အနေဖြင့် ရေးစွဲထားသည့် မူကြမ်းကို အသင်းချုပ်သို့ ချပြကာ ဆွေးနွေးမှုများဖြင့် ပြန်လည်ပြင်ဆင်ပြီး အဆင့်ဆင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း စီးပွားရေးသမားအများစုှ ရေးဆွဲဆန္ဒပြုသည့် စာရင်းမဟုတ်ကြောင်း ဖြေကြားသည်။

လက်ရှိထုတ်ပြန်သည့် စာရင်းမှာ မူကြမ်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးနှင့် ပြည်ထောင်စု စီးပွားရေးကော်မတီတို့ထံ တင်ပြကာ နောက်ဆုံးဆုံးဖြတ်ချက်ကို ရယူမည်ဖြစ်သည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar