မလေးရှား ဝန်ကြီးချုပ်ရဲ့ အာဆီယံနိုင်ငံ တစ်နိုင်ငံရဲ့ အစိုးရအကြီးအကဲ တစ်ယောက် မပြောသင့် မပြောထိုက်၊ မလုပ်သင့် မလုပ်ထိုက်တာ လုပ်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် ရခိုင်ပြည်နယ် ပြဿနာ ပြေလည်အောင် ဖြေရှင်းရေး အခက်တွေ့စေမှာ ဖြစ်ပါတယ်။
စည်သူအောင်မြင့် ရေးသားသည်။
ရခိုင်ပြည်နယ်ထဲက ဘဂါၤလီတွေရဲ့ ပြဿနာဟာ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး အာဆီယံနိုင်ငံအချင်းချင်း အငြင်းပွားရမယ့် ပြဿနာတောင် ဖြစ်လာနေပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတစ်ခု ကျင်းပခဲ့ရာမှာ ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
သူ့မိန့်ခွန်းက ရိုးရိုးမိန့်ခွန်းတော့ မဟုတ်ပါဘူး။ အတည်ပြုနိုင်ခြင်း မရှိတဲ့သတင်းတွေကို ကိုးကားပြီး ရခိုင်ပြည်နယ်မှာ တပ်မတော်က ဘင်္ဂါလီတွေကို ”လူမျိုးသုဉ်း သတ်ဖြတ်မှု”၊”လူမျိုးစု သုတ်သင်ရှင်းလင်းမှု” လုပ်နေတယ်လို့ဆိုပြီး ပြင်းပြင်းထန်ထန် စွပ်စွဲပြောဆိုခဲ့တာပါ။
ဒီလောက်လားဆိုတော့ မကသေးပါဘူး။ နာဂျစ်ရာဇတ်ဟာ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုလည်း အင်ဒိုနီးရှားမှာ သူတို့လို ဆန္ဒပြပွဲကြီးလုပ်ပြီး မြန်မာနိုင်ငံက ဘင်္ဂါလီတွေအရေး နိုင်ငံတကာက ကြားဝင်စွက်ဖက်အောင် တောင်းဆိုဖို့ တိုက်တွန်းလိုက်ပါသေးတယ်။
ရခိုင်ပြည်နယ်က ပြဿနာနဲ့ပတ်သက်ပြီး နောက်ကွယ်က ကြိုးကိုင်နေသူတွေရဲ့ အကြံအစည်တွေ အောင်မြင်နေပြီလား၊ မလေးရှားဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးက ဒီကိစ္စထဲ ဘာကြောင့် ဝင်ပါလာတာလဲ၊ မြန်မာအစိုးရကရော ဒီကိစ္စ အောင်အောင်မြင်မြင် ကိုင်တွယ်နိုင်မှာလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်ရင် မောင်တောဘက်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွေကို ဒေသခံ ဘင်္ဂါလီတွေ ဝင်ရောက်ပြီး အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်၊ လက်နက်တွေ သိမ်းယူသွားတာကနေ စ ပြောရပါလိမ့်မယ်။
ပထမဦးဆုံး ဒေသခံ ဘင်္ဂါလီတွေ ဒီအချိန်ကို ဘာလို့ရွေးချယ်ပြီး အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရသလဲ စဉ်းစားဖို့ လိုပါတယ်။ တကယ်ဆိုရင် လက်ရှိအချိန်ဟာ မြန်မာနိုင်ငံမှာ သမိုင်းဝင်ဖြစ်ရပ်လို့ ပြောရမယ့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် တက်လာပြီး ပြည်တွင်းမှာ မူဆလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာ လူများစုကြား တင်းမာမှုတွေ လျော့ပါးလာနေချိန်လည်း ဖြစ်ပါတယ်။
အစိုးရသစ် တက်လာပြီးနောက် မူဆလင်ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားတယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲခံရတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ကြီးရဲ့ လှုပ်ရှားမှု ငြိမ်သက်သွားအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာလည်း ပဋိပက္ခကို ပြေလည်အောင်၊ ဒါမှမဟုတ် ပြေလည်တဲ့ လမ်းပေါ်ရောက်အောင် မဖြေရှင်းနိုင်သေးတဲ့တိုင် အခြေအနေတွေက ငြိမ်ငြိမ်သက်သက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
အစိုးရအဖွဲ ဖွဲ့ပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က ပြဿနာကို အရေးကြီး ပြဿနာ တစ်ခုအဖြစ် သဘောထားပြီး သူကိုယ်တိုင် ဦးဆောင်တဲ့ ကော်မတီ တစ်ရပ်ကို ဖွဲ့ပြီး စ ဖြေရှင်းပါတယ်။ ဒါ့အပြင် နိုင်ငံတကာက လက်ခံနိုင်တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မတီ တစ်ရပ် ဖွဲ့ပြီးလည်း တာဝန်ပေးပါတယ်။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် အဲလို အကောင်အထည်ဖော်တာဟာ လွယ်လွယ်ကူကူတော့ မဖြစ်ခဲ့ပါဘူး။ ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင် ဖွဲ့စည်းတာကို အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားရေးဝါဒီတွေက ဆန့်ကျင်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ် လွှတ်တော်ဆိုရင် ကိုဖီအာနန် ကော်မရှင်ကို လက်မခံဘူးဆိုပြီး မဲခွဲဆုံးဖြတ် အတည်ပြုတာတောင် လုပ်ခဲ့ပြီးပါပြီ။
မလေးရှား ဝန်ကြီးချုပ်အနေနဲ့ သူ့ရဲ့ခြစားမှု အရှုပ်တော်ပုံ၊ ရွေးကောက်ပွဲစတဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံထဲက ဘင်္ဂါလီပြဿနာကို အကြောင်းခံပြီး ဘာသာရေးကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံဖော်တယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ထဲက နှစ်ပေါင်းကြာရှည် အဲဒီ ပဋိပက္ခပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မယ့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်သလို အခက်အခဲ အတားအဆီးတွေ ကျော်လွှားပြီး ဖြေရှင်းပေးနိုင်မယ့် လမ်းစကိုလည်း မြင်တွေ့လာကြရပါတယ်။
ဒီအခြေအနေအောက်မှာ ရခိုင်ပြည်နယ်ထဲ ဒုက္ခရောက်နေတယ်ဆိုတဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ဘင်္ဂါလီတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ပြဿနာကို ဝိုင်းဝန်းဖြေရှင်းရင် ပဋိပက္ခ ပြေငြိမ်းရေးလမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိသွားနိုင်ပါတယ်။
ဒါပေမဲ့ အံ့သြစရာ ကောင်းလောက်အောင်ပဲ ဘင်္ဂါလီ ဒေသခံတွေဟာ ရဲတပ်ဖွဲ့စခန်းတွေကို ဝင်စီးပြီး အကြမ်းဖက် တိုက်ခိုက်မှုကြီးလုပ်၊ လက်နက်ကိုင် ပုန်ကန်မှုကို စ လိုက်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ပြဿနာတွေ ကြီးထွားနေချိန်၊ ခုအခြေအနေထက် အများကြီး အတိဒုက္ခရောက်နေချိန်မှာတောင် အကြမ်းဖက်ပုန်ကန်မှု မလုပ်ဘဲ အခြေအနေ တည်ငြိမ်နေတဲ့ အခုမှ ဘာကြောင့်လုပ်ရသလဲ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်း ပေါ်ထွက်လာပါတယ်။
ဖြစ်နိုင်စရာရှိတဲ့ အချက်တစ်ခုကတော့ ပြည်ပရောက် ဘင်္ဂါလီအရေး လှုပ်ရှားသူတွေ၊ အဖွဲ့တွေရဲ့ အားပေးလှုံ့ဆော်မှု ပယောဂကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်တော့ အဲဒီအဖွဲ့တွေဟာ မြန်မာနိုင်ငံထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရခိုင်ပြည်နယ်က ပြဿနာကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ရင် သူတို့ အခန်းကဏ္ဍတွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ တချို့သော နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေရဲ့ ငွေကြေးထောက်ပံ့မှုတွေ မရနိုင်တော့ပါဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ် မြန်မာ့ရေပိုင်နက်မှာ ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီတွေ ပါတယ်ဆိုတဲ့ စက်လှေတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံသားနည်းနည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသားက များများ ဆိုတဲ့ အဖြစ်မှန် ပေါ်ပေါက်ချက်တွေအရ လှေစီးပြေး ဒုက္ခသည်ဇာတ်လမ်းတွေ ဖန်တီးပြီး ရန်ပုံငွေရှာတာမျိုးလည်း လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။ အဲလို အချက်အလက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက်ကျမှ အခုလို အရုပ်ဆိုးအကျည်းတန်တဲ့ အကြမ်းဖက်မှု စ လုပ်လိုက်ပုံ ရပါတယ်။
အကြမ်းဖက်မှုတွေ စတင်မယ်လို့ ရည်ရွယ်ချက်ရှိပြီးကတည်းက သူတို့တွေ အဲလို အကြမ်းဖက်ရင် တပ်မတော်က ပြန်နှိမ်နင်းလိမ့်မယ်၊ နှိမ်နင်းတဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်တယ်၊ သတ်တယ် ဖြတ်တယ် မီးရှို့တယ်၊ မုဒိန်းကျင့်တယ်ဆိုတဲ့ ဇာတ်လမ်းမျိုး ဖန်တီးနိုင်လိမ့်မယ်လို့လည်း ကြိုတင် တွေးဆထားကြပုံ ရပါတယ်။ ဒီလိုနည်းနဲ့ အကြမ်းဖက်မှုကို တပ်မတော်က နှိမ်နင်းတဲ့အခါ၊ အကြောင်းအမျိုးမျိုးကြောင့် အဲဒီ ဒေသထဲ သတင်းရယူခွင့်တွေ ကန့်သတ်ခံရတဲ့အခါ မလေးရှားဝန်ကြီးချုပ် ပါးစပ်ကနေ စွပ်စွဲပြောဆိုတဲ့ ”လူမျိုးသုဉ်း သတ်ဖြတ်မှု”၊ ”လူမျိုးစု သုတ်သင်ရှင်းလင်းမှု” ဆိုတာမျိုး ပေါ်ထွက်လာတာပါပဲ။
မလေးရှား ဝန်ကြီးချုပ်အနေနဲ့ သူ့ရဲ့ခြစားမှု အရှုပ်တော်ပုံ၊ ရွေးကောက်ပွဲစတဲ့ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံထဲက ဘင်္ဂါလီပြဿနာကို အကြောင်းခံပြီး ဘာသာရေးကို ကာကွယ်သူ သူရဲကောင်းအဖြစ် ပုံဖော်တယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မူဆလင်တိုင်းပြည် တစ်ပြည်ရဲ့ ဝန်ကြီးချုပ်ရဲ့ အဲလို မမှန်မကန် စွပ်စွဲချက်တွေကြောင့် ရခိုင်ပြည်နယ်ထဲက မူဆလင် အကြမ်းဖက်သမားတွေ အားတက်သွားနိုင်ပါတယ်။ ဒါတင်မက မြန်မာပြည်ထဲက မူဆလင်အစွန်းရောက်တွေကို အကြမ်းဖက်တာဟာ တရားတယ် ဆိုပြီး အချက်ပေးလိုက်သလိုလည်း ဖြစ်သွားစေပါတယ်။
ဒီအတွက် မလေးရှား ဝန်ကြီးချုပ်ရဲ့ အရှက်သိက္ခာမဲ့တဲ့၊ အာဆီယံနိုင်ငံ တစ်နိုင်ငံရဲ့ အစိုးရအကြီးအကဲ တစ်ယောက် မပြောသင့် မပြောထိုက်၊ မလုပ်သင့် မလုပ်ထိုက်တာ လုပ်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွက် ရခိုင်ပြည်နယ် ပြဿနာ ပြေလည်အောင် ဖြေရှင်းရေး အခက်တွေ့စေမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံထဲမှာ မူဆလင် အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှု ထပ်ပြီးပေါ်ပေါက်လာစေဖို့ တွန်းအားပေးသလိုသာ ဖြစ်စေမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။