မြန်မာနိုင်ငံ၏ အစွန်အဖျားဒေသတွင် ကလေးငယ်အများစု ပါဝင်သော လူ ၃၀ ကျော် သေဆုံးခဲ့မှုမှာ ဝက်သက်ရောဂါကြောင့် ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ရောဂါသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အိန္ဒိယနိုင်ငံ နယ်စပ်၊ နာဂလူမျိုးများ နေထိုင်ရာဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရရှိသည့် ဒေသတွင် ဇွန်လမှ စတင်ကာ ရောဂါကူးဆက်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးသန်းထွန်းအောင်က ရောဂါအများဆုံး ဖြစ်ပွားသည့် လဟယ်မြို့မှ ဓာတ်ခွဲခန်း စမ်းသပ်မှု အဖြေများ ပြန်လည်ရရှိနေပြီဖြစ်ကာ ဝက်သက်ရောဂါဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပြောသည်။
“အဲဒါ ဝက်သက် ရောဂါပါ” ဟု ၎င်းက အေအက်ဖ်ပီကို သြဂုတ် ၅ ရက်နေ့က ပြောသည်။
“ဒါကြောင့် ကျွန်တော်တို့ အဖွဲ့ဝင်တွေ ထပ်လွှတ်ထားပြီး တပ်မတော်က ဆရာဝန်တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါဒေသသည် ဆင်းရဲပြီး ဝေးလံခေါင်သီကာ တောင်ထူထပ်သည့် နယ်စပ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းသလို လ ျှပ်စစ်ဓာတ်အားလည်း မရရှိပေ။
“ကျွန်တော်တို့ဆီက ပထမဆုံး ဆေးအဖွဲ့ ရွာတွေကိုရောက်ဖို့ ခြောက်ရက်ကြာခဲ့တယ်။ အဲဒီမှာ ဆက်သွယ်ရေးကလည်း ခက်ခဲတယ်” ဟု ဦးသန်းထွန်းအောင်က ပြောသည်။
လဟယ်ဒေသတွင် ၃၁ ဦးသေဆုံးခဲ့သည်ကို ဆေးအဖွဲ့က အတည်ပြုနိုင်ခဲ့ကာ သေဆုံးသူ ထက်ဝက်ခန့်မှာ အသက် ၁၅ နှစ်အောက်များ ဖြစ်သည်ဟု ၎င်းကပြောသည်။
နာဂရေးရာကောင်စီကမူ ရွာကိုးရွာတွင် သေဆုံးသူ ၃၉ ဦး ရှိခဲ့သည်ဟု ပြောကြားပြီး သေဆုံးသူအားလုံးမှာ ကလေးငယ်များ ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ဝက်သက်ရောဂါ ပပျောက်ရေးအတွက် တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆောင်ရွက်ပြီး ဖြစ်သည်။