နယ်နိမိတ်မျဉ်းပေါ်မှ ထွက်ခွာကြရန် ဒုက္ခသည်များကို မြန်မာက အမိန့်ပေး

အေအက်ဖ်ပီ

ဘင်္ဂလားဒေရှ့်နဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နယ်နိမိတ်မျဉ်းရဲ့ မြန်မာဘက်ခြမ်းက လူနေထိုင်ခွင့်မရှိတဲ့ နေရာကနေ ချက်ခြင်းထွက်ခွာကြဖို့ ရိုဟင်ဂျာမူဆလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသံချဲ့စက်တွေနဲ့ အမိန့်ပေးတာတွေကို ပြန်လည် ထုတ်လွှင့်နေတယ်လို့ ဒုက္ခသည်တွေက မေ ၂၀ ရက်နေ့က ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေက စတင်ချိန်ကတည်းက ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၆,၀၀၀ လောက်ဟာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်က နေရာကျဉ်းကျဉ်းလေးမှာ စခန်းချနေထိုင်နေကြပါတယ်။

ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၇၀၀,၀၀၀ လောက်ထဲက အများစုကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံထဲက စခန်းတွေမှာ နေထိုင်နေကြပါတယ်။ အဲဒီထဲက အနည်းစုကတော့ နယ်စပ်မျဉ်းပေါ်မှာ နေထိုင်နေကြတာဖြစ်ပါတယ်။

အဲဒီမှာ ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေကို ချက်ချင်းထွက်ခွာကြဖို့နဲ့ ဘင်္ဂလားဒေရှ့်ဘက်ကို သွားရောက်ကြဖို့ အသံချဲ့စက်တွေနဲ့ တိုက်တွန်းအမိန့်ပေးမှုတွေ ထုတ်လွှင့်နေတာကို ရပ်တန့်ဖို့ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ သဘောတူညီခဲ့ပါတယ်။

လူသူနေထိုင်ခြင်းမရှိတဲ့ အဲဒီနယ်မြေအစွန်းအဖျားမှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့အချို့ကိုလည်း မြန်မာစစ်တပ်က ရုပ်သိမ်းခဲ့ပါတယ်။ စခန်းချထားတဲ့ တပ်တွေနဲ့ သံဆူးကြိုးခြံစည်းရိုးပဲခြားတဲ့ စခန်းတွေမှာနေထိုင်တဲ့ ဒုက္ခသည်တွေက နှောက်ယှက်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ပြောကြားကြပါတယ်။

ဒါပေမယ့် အသံချဲ့စက်ကနေ လွှင့်ထုတ်မှုတွေကို ကြိုတင် သတိပေးမှုမရှိပဲ ယခုရက်သတ္တပတ်အတွင်းမှာ ပြန်လည်စတင်ခဲ့တယ်လို့ ရိုဟင်ဂျာခေါင်းဆောင်တွေက ပြောပါတယ်။

“မနေ့ကတော့ အကြိမ်ရေတော်တော်များများ ထုတ်လွှင့်ခဲ့တယ်။ ဒီနေ့မနက်လဲ ထပ်ပြီး လွှင့်နေတယ်။ အဲဒါက အရမ်းအနှောက်အယှက်ဖြစ်စေပြီး အထိန့်တလန့်ဖြစ်စေတယ်”လို့ အဲဒီက ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုဟာမက်အရစ်ဖ်ကပြောပါတယ်။

ဗမာဘာသာနဲ့ ရိုဟင်ဂျာဘာသာစကားတွေနဲ့ ထုတ်လွှင့်နေတဲ့ အဲဒီသတင်းစကားထဲမှာ ဒုက္ခသည်တွေအနေနဲ့ “မြန်မာနိုင်ငံရဲ့ တရားစီရင်မှုအောက်မှာရှိတဲ့ နယ်မြေကနေ ထွက်ခွာဖို့နဲ့ မဟုတ်ရင် တရားစွဲဆိုခံရမယ်” လို့ သတိပေးထားပါတယ်။

“ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေပါ။ ဒါက ကျွန်တော်တို့ရဲ့ အဖမြေဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာနေခွင့်ရှိပါတယ်။ ကျွန်တော်တို့ တခြားဘယ်ကိုသွားရမှာလဲ” လို့ အခြားခေါင်းဆောင်တစ်ဦးဖြစ်သူ ဒါမိုဟာမက်ကပြောပါတယ်။

အသံထုတ်လွှင့်မှုတွေမှာ ဒုက္ခသည်တွေကို ”ဘင်္ဂါလီတွေ” လို့ ညွှန်းဆိုထားပါတယ်။

ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်တပ်က ဒုဗိုလ်မှူးကြီး Manzurul Hasan Khan က အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောကြားပါတယ်။

“စခန်းတွေအနားက နယ်စပ်ခြံစည်းရိုးတစ်လျောက်မှာရှိတဲ့ သစ်ပင်တွေပေါ်မှာ အသံချဲ့စက်တွေကို သူတို့ လိုက်တပ်နေတာကို ကျွန်တော်တို့ သတိပြုမိခဲ့တယ်”လို့ သူက ပြောပါတယ်။

ဒုက္ခသည်အရေးဟာ မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တင်းမာစေခဲ့ပါတယ်။

ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ကြပေမယ့် လုပ်ငန်းစဉ်က ရပ်တန့်နေပါတယ်။ ဒီလိုရပ်တန့်မှုနဲ့ ပတ်သက်ပြီးလည်း နှစ်ဖက် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။

နယ်နိမိတ်မျဉ်းပေါ်မှာ နေထိုင်နေကြသူတွေနဲ့ ဘင်္ဂလားဒေရှ့်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူတွေက သူတို့ရဲ့ လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ရေးအတွက် အာမခံချက်အပြင် အတိတ်က မမျှတမှုတွေအတွက် ပေးလျော်မှသာ မြန်မာနိုင်ငံကို ပြန်ကြမယ်လို့ ပြောကြားထားကြပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar