မြန်မာနှင့် ဘင်္ဂလားဒေရှ့်နယ်စပ် Zero Line အတွင်း နေထိုင်နေကြသည့် ဒုက္ခသည်များထံ ကူညီထောက်ပံ့မှုများ ရောက်ရှိနေခြင်းအား တားမြစ်ပေးရန် မြန်မာအာဏာပိုင်များက ဘင်္ဂလားဒေရှ့်ကို တိုက်တွန်းခဲ့သည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့က တောင်ပြိုလက်ဝဲတွင် ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခရိုင်အဆင့် နယ်စပ်အာဏာပိုင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်ဟု မြန်မာအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
“No Man Land ဖြစ်၍ ယင်းနယ်မြေဧရိယာအတွင်း မည်သူမျှနေထိုင်၍ မရကြောင်း၊ ယင်းသို့ တားမြစ်နယ်မြေ Zero Line အတွင်း ဝင်ရောက်နေထိုင်ခြင်းမှာ ဥပဒေနှင့်ညီညွတ်မှု မရှိသဖြင့် INGO အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများကို အသိပေးနေရကြောင်း၊ INGO အဖွဲ့အစည်းများအနေဖြင့် တစ်ဖက်နိုင်ငံမှ ချောင်းဖြတ်ကူး၍ ထောက်ပံ့မှုမပြုဟု ဆိုသော်လည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် Zero Line ရောက်ရှိနေသူများအား ခေါ်ယူထောက်ပံ့နေကြောင်း၊ ယင်းသို့ ဆောင်ရွက်နေမှုအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တားမြစ်ပေးစေလိုကြောင်း” မြန်မာနိုင်ငံဘက်မှ ခရိုင်အဆင့် နယ်စပ်အာဏာပိုင်အဖွဲ့က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက မြန်မာစစ်တပ်၏ စစ်ဆင်ရေးများစတင်ချိန်တွင် ဒုက္ခသည်အများအပြားမှာ နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ထိုထွက်ပြေးခဲ့ကြသူများထဲမှ လူ ၆,၀၀၀ ခန့်မှာ နယ်စပ် Zero Line တွင် ရောက်ရှိနေကြပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ဝင်ရောက်ရန် ပထမပိုင်းတွင် ငြင်းဆန်ခဲ့ကြသည်။
သို့သော် ယခုအခါ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့လည်း ဝင်ရောက်ခွင့် မရရှိတော့ပဲ အဆိုပါနေရာတွင် သောင်တင်နေကြသည်။ ၎င်းတို့အား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် ဘင်္ဂလားဒေရှ့်က ကူညီပေးရန်လည်း မြန်မာအာဏာပိုင်များက အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“Zero Line သို့ ရောက်ရှိနေသူများအနေဖြင့် ပြန်လည် ဝင်ရောက်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ တိုက်တွန်း ဖျောင်းဖျ ပြောဆိုခဲ့ပြီးဖြစ်သော်လည်း ခြိမ်းခြောက်မှုများကြောင့်လည်းကောင်း၊ NVC လုပ်ငန်းစဉ်အရသော် လည်းကောင်း၊ နေ့ရပ်ပြန်စဉ် လုံခြုံရေးစိုးရိမ်ဖွယ်ရာရှိသည်ဟူသည့် မမှန်ကန်သော အကြောင်းပြချက်များကိုသာ ပြောဆိုမှုများရှိနေသည့်အတွက် လက်ခံရေးလုပ်ငန်းစဉ်များအပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လိုအပ်သည့် ကူညီဖြောင်းဖျမှုများ ပြောဆိုစေလိုကြောင်း” မြန်မာအာဏာပိုင်များက တိုက်တွန်းခဲ့သည်ဟုဆိုသည်။
ဘင်္ဂလားဒေရှ့်ကလည်း Zero Line ဧရိယာအတွင်း ရောက်ရှိနေသူများ နေရပ်ပြန်ရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ ကူညီပေးလိုပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ပ INGO များကိုလည်း zero line area အတွင်းသို့ စေလွှတ်ရေးကိစ္စအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက စေလွှတ်ခြင်း မဟုတ်ပါကြောင်းနှင့် ၎င်းတို့ဘာသာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်နေခြင်းဖြစ်သလို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ထောက်ပံ့မှုများကို ဆောင်ရွက်နေသည်ဟု ဆွေးနွေးပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် Zero Line အတွင်း နေထိုင်နေကြသည့်သူများအား နယ်စပ်အာဏာပိုင်အဖွဲ့များက သွားရောက် ကြည့်ရှုကြသည်ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ယခုနေရာအတွင်း နေထိုင်သူများကို ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ပူးပေါင်း ဆောင်ရွက်မှုမရှိသည်ကိုသာ တွေ့ရှိခဲ့ရသည်ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ခရိုင်အဆင့် နယ်စပ်အာဏာပိုင်အဖွဲ့အား ပြောကြားခဲ့သည်။
အေအက်ဖ်ပီသတင်းဌာန၏ အဆိုအရ Zero Line အတွင်း နေထိုင်နေသူများအနီးရှိ နယ်စပ်ခြံစည်းရိုးအနီးတွင် မြန်မာစစ်တပ်က ကတုတ်ကျင်းများကို မကြာသေးမီက လာရောက်ဆောက်လုပ်နေကြသည်ဟုဆိုသည်။
“ကျွန်တော်တို့ ထွက်သွားသင့်တယ်။ ထွက်မသွားရင် ပစ်မယ်လို့လည်း သူတို့က ပြောပါတယ်” ဟု အသက် ၃၂ နှစ်အရွယ် ဒုက္ခသည်တစ်ဦးဖြစ်သူ ရာရှစ်အာမက်က အေအက်ဖ်ပီကို ပြောသည်။
ထို့ပြင် နယ်စပ်တစ်လျောက် မြန်မာစစ်သား ၄၀၀ ခန့်ပုံမှန်ကင်းလှည့်လေ့ရှိသည့်အတွက် ဒုက္ခသည်များအကြား ကြောက်ရွံ့မှု ဖြစ်ပေါ်စေသည်ဟု အခြားဒုက္ခသည်တစ်ဦးက ပြောကြားသည်။
ဒုက္ခသည်များ နေထိုင်နေကြသည့်နေရာသည် နယ်စပ်၏ မြန်မာနိုင်ငံဘက်အခြမ်းတွင်ဖြစ်ပြီး ၎င်းတို့အား ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ကို ယခင်က တားမြစ်ခဲ့သည်ဟု ဘင်္ဂလားဒေရှ့် ဒုက္ခသည်ဆိုင်ရာ ကော်မရှင်ခေါင်းဆောင် Mohammad Abul Kalam က အေအက်ဖ်ပီကို ပြောကြားသည်။