နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး တရုတ်စစ်ဖက်က လိုလား

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်စစ်ကော်မရှင်ထိပ်တန်းခေါင်းဆောင်တစ်ဦး မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသများ တည်ငြိမ်ရေးကို ထည့်သွင်း ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရွှီချီလျန် မြန်မာ နိုင်ငံ သို့ လာရောက်သည့် ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား သီးခြားစီ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စက်တင်ဘာ ၉ ရက်က တွေ့ဆုံရာတွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ဆက်လက်၍ ပါဝင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အတူတကွ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းသွားမည်ဟု မစ္စတာရွှီချီလျန်က ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် နယ်နိမိတ်ရှည်လျားစွာ ထိစပ်နေပြီး နယ်စပ်တစ်လျောက်တွင် ကေအိုင်အေနှင့် ဝ တပ်ဖွဲ့တို့ကဲ့သို့ အင်အားကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တပ်စွဲထားကြသည်။ တစ်နိုင်လုံး ငြိမ်းချမ်းရေး ရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အများစု ပါဝင်တက်ရောက်ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျင်းပခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးရရှိရန် အချိန်ယူရဦးမည်ဖြစ်ကာ တရုတ်နိုင်ငံ နယ်စပ်တစ်လျောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုက်ပွဲများ အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ အဆိုပါ တပ်ဖွဲ့အချို့ကို တရုတ်နိုင်ငံက ထောက်ပံ့မှု ပေးနေသည်ဟု သတင်းများလည်း ပေါ်ထွက်ခဲ့ဖူးသည်။

ပြီးခဲ့သည့်လက ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်စဉ်ကမူ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖိန်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက လိုအပ်သလို ကူညီပံ့ပိုးပေးမည်ဟု ပြောကြားခဲ့သည်။

မစ္စတာ ရွှီချီလျန်သည် ဒုတိယသမ္မတဦးမြင့်ဆွေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံစဉ်တွင်လည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

ဒုတိယသမ္မတဦးမြင့်ဆွေနှင့် စက်တင်ဘာ ၇ ရက်နေ့က တွေ့ဆုံစဉ် ဦးမြင့်ဆွေက နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံနှင့်အတူ ကြိုးပမ်းထိန်းသိမ်းသွားမည်ဖြစ်ရာ တရုတ်နိုင်ငံကလည်း အင်တိုက်အားတိုက် ဆက်လက် အားပေးထောက်ခံရန် ပြောကြားခဲ့သည်ဟု ဆင်ဟွာက ရေးသားထားသည်။

စက်တင်ဘာ ၆ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် မစ္စတာရှီချီလျန်က မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်သည် ငြိမ်းချမ်းစွာ ဆက်လက်ဆွေးနွေးခြင်းဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းကို တရုတ်နိုင်ငံက အားပေးကြောင်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ့တပ်မတော်က တရုတ်တပ်မတော်၏ ကာလတလျှောက် ထောက်ခံအားပေးမှုနှင့် ကူညီမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် နှစ်နိုင်ငံတပ်မတော် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တိုးတက်ခိုင်မာစေလိုပြီး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ကာ နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို တိုးမြှင့်စေလိုကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာက ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar