နယ်စပ်တွင် ပူးတွဲစစ်ဆင်ရေးဆောင်ရွက်ရန် ဘင်္ဂလားဒေရှ့်က မြန်မာကို ကမ်းလှမ်း

ဒါကာ၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြန်မာနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်တစ်လျောက်တွင် တိုက်ခိုက်နေသည့် စစ်သွေးကြွများအား နှိမ်နင်းရေးအတွက် နှစ်နိုင်ငံ ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်ရန် ဘင်္ဂလားဒေရှ့်က မြန်မာအစိုးရကို အဆိုပြုလိုက်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

သြဂုတ် ၂၅ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့သည့် တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ရပြီးဖြစ်ကာ အများစုမှာ စစ်သွေးကြွများဖြစ်ကြသည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် အရပ်သားအချို့လည်း သေဆုံးခဲ့ရသည်။ “အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများ” ဟု မြန်မာအစိုးရက ခေါ်ဆိုသည့် စစ်သွေးကြွများက ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ ရဲကင်းစခန်းပေါင်း ၃၀ ကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု အဆိုပါဒေသတွင် အခြေစိုက်သည့်အဖွဲ့ဖြစ်သော Arakan Rohingya Salvation Army (ARSA) ကို ကိုယ်စားပြုသည်ဟု ယူဆရသည့် Twitter အကောင့်တစ်ခုက ရေးသားထားသည်။ အဆိုပါ ARSA အပါအဝင် တိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သူများအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် မြန်မာအစိုးရက သြဂုတ် ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။

နယ်စပ်တစ်လျောက်ရှိ စစ်သွေးကြွများအား နှိမ်နင်းရန်အတွက် ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူများက ဒါကာမြို့ရှိ မြန်မာသံရုံးတာဝန်ခံနှင့် တွေ့ဆုံစဉ် အဆိုပြုခဲ့ခြင်းဖြစ်သည်။

“မြန်မာဘက်က ဆန္ဒရှိမယ်ဆိုရင် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနယ်စပ်တစ်လျောက်မှာရှိတဲ့ စစ်သွေးကြွတွေနဲ့ ရခိုင်တပ်ဖွဲ့ (Arakan Army) တို့ကို နှိပ်နင်းဖို့ နှစ်နိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေ ပူးတွဲစစ်ဆင်ရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာသံတမန်များက တစ်စုံတစ်ရာပြောကြားခြင်းမရှိကြောင်း အေအက်ဖ်ပီက ဆက်လက် ရေးသားထားသည်။

လက်ရှိအချိန်အထိ တုတ်၊ ဓါးလက်နက်များ၊ လက်လုပ်ဗုံးများနှင့် သေနတ်များ ကိုင်ဆောင်ထားသူများက အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ပြီး ဒုက္ခသည် အမြောက်အများမှာလည်း နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးရန် ကြိုးစားနေကြသည်။ အေအက်ဖ်ပီသတင်း၏အဆိုအရ ဒုက္ခသည် ၃၀၀၀ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ရောက်ရှိလာကြသည်ဟုဆိုသည်။

ထို့ပြင် လူထောင်ပေါင်းများစွာမှာ မြန်မာနိုင်ငံနှင့် နယ်စပ်တွင် စုရုံးရောက်ရှိနေကြသည်ဟု ဘင်္ဂလားဒေရှ့် ပြောကြားသည်။ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည့် လူရာပေါင်းများစွာကိုလည်း ဘင်္ဂလားဒေရှ့်က တားဆီးခဲ့ပြီး နယ်စပ်တစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ထားသည်။

တိုက်ခိုက်မှုများဖြစ်ပွားနေသည့် ဘင်္ဂလားဒေရှ့်နယ်စပ်အနီး ရခိုင်ပြည်နယ်၏ လူနေထူထပ်သော နေရာ ၁၀ ခုတွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားနေသည်ကို ဂြိုလ်တုအချက်အလက်များအရ တွေ့ရှိရသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားသည်ဟု အေအက်ဖ်ပီက ဆက်လက်ရေးသားထားသည်။

အဆိုပါမီးလောင်ကျွမ်းသည့်နေရာများတွင် ရိုဟင်ဂျာကျေးရွာများအပြင် စစ်သွေးကြွများက တိုက်ခိုက်သွားခဲ့သည့် ရခိုင်အများစု နေထိုင်သည့်နေရာများလည်း ပါဝင်သည်ဟုဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar