နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး အပြောင်းအလဲပြုလုပ်

ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့် ရဲစခန်းအများအပြား တပြိုင်နက် တိုက်ခိုက်ခံရအပြီး တစ်လကျော် အကြာမှာပဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူးနေရာကို အပြောင်းအလဲ ပြုလုပ်လိုက်ပါတယ်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်ရဲ့နေရာမှာ ရဲမှူးချုပ်မြင့်တိုးက စက်တင်ဘာ ၃ ရက်နေ့က စတင်ပြီး အစားထိုးလိုက်တယ်လို့ မောင်တောမြို့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရဲမှူးကြီးဥက္ကာကိုက Frontier ကို တယ်လီဖုန်းကနေ ပြောပါတယ်။

“မနေ့ကစပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်တိုးက ပြောင်းလဲတာဝန်ထမ်းဆောင်နေပါပြီ။ တနေ့ကစပြီး ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြီး နေရာအပြောင်းအလဲကို ထုတ်ပြန်ခဲ့တာပါ” လို့ သူက စက်တင်ဘာ ၄ ရက်က ပြောပါတယ်။

ရဲမှူးချုပ်သူရစန်းလွင်ကို ဘယ်ကို ရွှေ့ပြောင်းလိုက်တယ်ဆိုတာနဲ့ ဘယ်လိုအကြောင်းကြောင့်ဆိုတာကိုတော့ ရဲမှူးကြီးဥက္ကာကိုက မှတ်ချက်ပြုခြင်းမရှိပါဘူး။

ရဲမှူးချုပ်သူရစန်းလွင်ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာ ARSA က ရဲစခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှူး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ ယခင်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မောင်မောင်ခင်ရဲ့ နေရာမှာ သူ့ကို အစားထိုးလိုက်တာဖြစ်ပါတယ်။ ရဲမှူးချုပ်မောင်မောင်ခင်နဲ့ အခြားရဲအရာရှိနှစ်ဦးကတော့ ပေါ့လျော့မှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ရဲစခန်းတွေ တိုက်ခိုက်ခံရမှုကြောင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကျော်ဆွေက စိတ်မသက်မသာဖြစ်ခဲ့ရပြီး သူစိတ်ချရတဲ့သူကို အစားထိုးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ယခုတစ်ကြိမ် သြဂုတ် ၂၅ ရက်နေ့က နယ်ခြားစောင့်ရဲစခန်း ၃၀ ခန့် တပြိုင်နက် တိုက်ခိုက်ခံရချိန်မှာတော့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ရပါတယ်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar