ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက်သူများက အလစ်ဝင်ရောက် တိုက်ခိုက်မှု မတိုင်မီတွင် သတင်းကြိုတင် ရရှိခဲ့သော်လည်း ကာကွယ်ရန် ပျက်ကွက်ခဲ့သည်ဟု ရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားက အေအက်ဖ်ပီက ယခုလ ၂၅ ရက်နေ့က ရေးသားထားသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဖြစ်ပေါ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦးသေဆုံးခဲ့ကာ လက်နက်ခဲယမ်း အမြောက်အများလည်း ပျောက်ဆုံးသွားခဲ့သည်။
“တိုက်ခိုက်မှုမတိုင်ခင်မှာ ရွာသားတွေက ရဲတပ်ဖွဲ့ကို ကြိုတင် သတင်းပေးတာတွေ ရှိပါတယ်။ ဒါပေမယ့် ရဲအရာရှိတွေက ဒီသတင်းက မဖြစ်နိုင်ဘူးဆိုပြီး ပယ်ချလိုက်ပြီးတော့ ကြိုတင် အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ပါတယ်” ဟု ရဲမှူးကြီးမျိုးသူစိုးက အေအက်ဖ်ပီကို ပြောကြားသည်။
ထို့ကြောင့် တာဝန်ပျက်ကွက်သူ ရဲအရာရှိသုံးဦးအား ထောင်ဒဏ်များ ချမှတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများကို မွတ်စလင်သောင်ကျန်းသူ အဖွဲ့သစ်တစ်ခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒီဇင်ဘာက ထုတ်ပြန်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သစ်သည် မောင်တောနှင့် ရသေ့တောင်မြို့နယ်များရှိ နယ်ခြားစောင့် ရဲစခန်းသုံးခုကို တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့ကြသည်ဟု ဆိုသည်။ သောင်းကျန်းသူအဖွဲ့သစ်က ၎င်းတို့အဖွဲ့အမည်ကို Harakah al-Yaqin (Faith Movement) ဟု မှည့်ခေါ်ထားကြောင်း International Crisis Group (အိုင်စီဂျီ)က ဒီဇင်ဘာ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် Myanmar-A New Muslim Insurgency in Rakhine State ဟူသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုတိုက်ခိုက်မှု ဖြစ်ပေါ်ပြီးချိန်မှ စတင်ကာ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖမ်းဆီးရန်ဟုဆိုကာ နယ်မြေရှင်းလင်းရေးများကို ဆောင်ရွက်နေသည်။
လေးလကြာမြင့်နေပြီဖြစ်သည့် အဆိုပါ စစ်ဆင်ရေးများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ မူဆလင်များအပေါ် ရိုက်နှက်ဖမ်းဆီးခြင်းများ၊ အဓမ္မပြုကျင့်မှုများနှင့် နေအိမ်များကို မီးရှို့မှုများ ကျူးလွန်နေသည်ဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာက စွပ်စွဲထားကြသည်။ ထို့ကြောင့် မူဆလင်အနည်းဆုံး ၇၀,၀၀၀ ခန့်မှာ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့ကြသည်ဟုလည်း ကုလသမဂ္ဂက ပြောကြားသည်။
အဆိုပါထွက်ပြေးလာသူအချို့အား တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြခြင်းဖြစ်သည်ဟု စွပ်စွဲနေကြခြင်း ဖြစ်သည်။
မြန်မာအစိုးရကမူ အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုထားပြီး တိုက်ခိုက်မှုအား ကျူးလွန်ခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် အဆိပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဟု အစိုးရက ပြောကြားထားသည်။
ယခုအခါ အဆိုပါဒေသတွင် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ရပ်တန့်လိုက်ပြီဖြစ်ကာ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ရဲတပ်ဖွဲ့က တာဝန်ယူထားသည်ဟု အစိုးရက ပြီးခဲ့သည့် ရက်သတ္တက ပြောကြားခဲ့သည်။