တပ်မတော်နှင့် TNLA တို့အကြား စစ်ရေးတင်းမာနေမှု ဖြစ်ပွားနေမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ့်မြို့နယ်ရှိ ကျေးရွာတချို့တွင် တပ်မတော်က လုံခြုံရေးတင်းကြပ်ထားရာ ဆန်ဝယ်ယူရန် ခက်ခဲနေသည်ဟု ဒေသခံအချို့က ပြောကြားသည်။
“ကျွန်မတို့က အရင်လို စပါးများများ မစိုက်တော့ဘူး။ မီးသွေးပဲ လုပ်တယ်။ ဈေးနေ့က ဆန်ဝယ်လို့မရတော့ ထမင်းစားစရာအတွက် ရွာမှာရှိတဲ့သူဆီက ပြန်ဝယ်နေရတယ် ”ဟု နမ့်ခမ့်မြို့နယ် မိုင်းဝီကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၀ ရက်နေ့က ကျရောက်သည့် မိုင်းဝီးဈေးနေ့တွင် ဆန်ဝယ်ယူရန် ခက်ခဲခဲ့ပြီး ဆီနှင့် ခေါက်ဆွဲခြောက်တို့သာ အနည်းငယ်စီ ဝယ်ယူရရှိခဲ့သည်ဟု အမည်မဖော်လိုသူ အဆိုပါ ဒေသခံကပြောသည်။
ဈေးမှ လိုသလောက် ဝယ်ယူခွင့်မရသည့်အတွက် တောင်ပေါ်ကျေးရွာများမှ ဈေးဆိုင်ဖွင့်သည့် ဈေးသည်များအတွက် အခက်အခဲဖြစ်ခဲ့ရသည်ဟုဆိုသည်။
“ဈေးနေ့က ဆီနှစ်ပုလင်း၊ သုံးပုလင်းဆို ဝယ်ပြန်လို့ မရဘူး။ ခေါက်ဆွဲခြောက်ဆို တစ်ဖာတောင်မရဘူး။ အခြားရောင်းစရာ ပစ္စည်းတွေလည်း နည်းနည်းပဲ ဝယ်ရတော့ ရောင်းစရာလည်း မရှိတောဘူး”ဟု တောင်ပေါ်ကျေးရွာတွင် ဈေးရာင်းသည့် ဈေးသည်တစ်ဦးက ပြောသည်။
မိုင်းဝီးဈေးသည် အနီးဝန်းကျင် ကျေးရွာ ၂၀ ကျော်က အားထားနေရသည့်ဈေးဖြစ်ပြီး အဆိုဈေးတွင် ဆန်နှင့်ဆီ ရောင်းဝယ်ရန် ခက်ခဲနေပါက ဒေသခံများအတွက် စားရေးသောက်ရေး ပြဿနာ ဖြစ်လာမည်ဟု ဒေသခံများက ပြောကြားသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့ တစ်ရက်ထဲတွင် နမ့်ခမ့်နယ်အတွင်း တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တပ်ရင်း ၄၇၈ နှင့် မြန်မာ့ တပ်မတော် တပ်မ ၈၈ တို့ နေရာနှစ်နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
သတင်း-မိုင်းအိုက်ထွန်း