မြန်မာနိုင်ငံအနှံ့ရှိ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားများကို စစ်ဆေးရန် ပိုမိုအဆင့်မြင့်သည့် နည်းပညာများကို စစ်ကောင်စီက အသုံးပြုလာသည်။ ထို့ကြောင့် အတိုက်အခံလှုပ်ရှားသူများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ များပြားလာပြီး ၎င်းတို့ကို ခြောက်လှန့်နေသည်။
ဖရွန်တီးယား
ယာဉ်အကူထံမှ အသိပေးအော်ဟစ်သံထွက်ပေါ်လာချိန် မေ၂ရက်တွင် မမီးမီးတို့ စီးနှင်းလာသည့် အဝေးပြေးဘတ်စ်ကားသည် မွန်ပြည်နယ်မြို့တော်၊ မော်လမြိုင်သို့ ဝင်ရောက်ရန် နီးကပ်လာပြီဖြစ်သည်။
“ခရီးသည်များခင်ဗျာ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိတော့မည်ဖြစ်ပါသောကြောင့် မိမိတို့၏ ဖုန်းများကို အိတ်များထဲသို့သိမ်းဆည်းပေးပါရန်နှင့် စစ်ဆေးနေစဥ်အတွင်း ဖုန်းအသုံးမပြုရန် မေတ္တာရပ်ခံအပ်ပါတယ်”ဟု ယာဥ်အကူက ကြေညာပြီးနောက် ကားပေါ်ပါသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)များကို လိုက်လံတောင်းယူနေသည်။
ထိုလုပ်ငန်းစဥ်သည် ရန်ကုန်မှ နယ်သို့ ခရီးထွက်လာသည့် မမီးမီးအတွက် စိုးထိတ်စရာဖြစ်သည့်တိုင် ပုံမှန်ကြုံတွေ့နေကျလည်းဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ အဝေးပြေးလမ်းမကြီးများတစ်လျှောက် စစ်သား၊ ရဲသားနှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ စောင့်ကြပ်သည့် စစ်ဆေးရေးဂိတ်များ အများအပြားပေါ်ထွက်လာသည်။ ယခင်ကဆိုလျှင် ထိုဂိတ်များတွင် ပုံမှန်အားဖြင့် ခရီးသည်များထံမှ မှတ်ပုံတင် တောင်းယူလေ့ရှိပြီး ခရီးသည်များကို မှတ်ပုံတင်နှင့်ရုပ်နှင့်သာ တိုက်ဆိုင်စစ်ဆေးခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ထိုသို့မဟုတ်တော့ပေ။
ရဲအရာရှိတစ်ဦးက စားပွဲတစ်လုံး၌ တက်ဘလက်တစ်လုံးနှင့်ထိုင်နေပြီး မှတ်ပုံတင်များကို တစ်ခုပြီးတစ်ခုကြည့်၍ ထိုစက်ကိရိယာအတွင်းသို့ အချက်အလက်များ ရိုက်ထည့်နေသည်။ အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုတွင် ပါဝင်၍ စာသင်ခန်းများကို ကျောခိုင်းထွက်ခွာခဲ့သော ဆေးကျောင်းသူတစ်ဦးဖြစ်သည့် မမီးမီး၏ စိတ်ထဲတွင်မူ ကြောက်ရွံ့မှုများ တရိပ်ရိပ်မြင့်တက်ခဲ့သည်။ စစ်ကောင်စီက အာဏာသိမ်းမှုနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါဝင်သူမှန်သမျှကို ခရီးသွားလာခွင့် ပိတ်ပင်ရန် အစဉ်တစ်စိုက် ကြိုးပမ်းခဲ့သည့်အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချလေ့ရှိသည်။
“ကျမကို CDM မှန်းသိသွားပြီး ကားပေါ်က ဆွဲချတော့မလားဆိုပြီး စိုးရိမ်နေခဲ့ပေမဲ့ ကံကောင်းလို့ အဲ့ဒီလိုမဖြစ်လာခဲ့ဘူး။ ကားပေါ်မှာပါတဲ့ တခြားလူတွေလည်း ပြဿနာတစ်ခုမှ မရှိခဲ့တော့ ကျမတို့ကားကို သွားခွင့်ပြုလိုက်တယ်”ဟု အသက်၃၂နှစ်အရွယ် မမီးမီး (အမည်လွှဲ)က ပြောသည်။
ထို့နောက်တွင်မှ ခရီးသည်တစ်ဦးချင်းစီ၏ အသေးစိတ်အချက်အလက်များကို စစ်ဆေးနေပါက အချိန်ကြာမည်ဖြစ်၍ တာဝန်ကျ ရဲအရာရှိက တော်လှန်ရေးအင်အားစုများ အားကောင်းသည့် မကွေးနှင့် ရခိုင်ကဲ့သို့သော ဒေသများမှ လာရောက်သည့် လူငယ်အမျိုးသား၊ အမျိုးသမီးများ၏ မှတ်ပုံတင်ကတ်ပြားများကိုသာ ရွေးချယ်၍ စစ်ဆေးခဲ့ကြောင်း ယာဉ်အကူထံမှ မမီးမီး သိခဲ့ရသည်။
အီလက်ထရွန်းနစ် နည်းပညာဖြင့် ခရီးသည်များအားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးခဲ့ခြင်းမရှိသည့်တိုင် စစ်ကောင်စီ၏ ခြေရာခံစောင့်ကြည့်သည့်စနစ်က သိသိသာသာ အဆင့်မြင့်လာသည်ကို ပြသနေသည်။ အမှားအယွင်းများပြီး မပြည့်စုံသည့်အပြင် အချက်အလက်များ ထပ်၍ဖောင်းပွနေသည့် စက္ကူဖိုင်တွဲများပေါ်က မြန်မာနိုင်ငံ၏ လူဦးရေအချက်အလက်များကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် စာရင်းသွင်း၍ ပိုမိုမှန်ကန်ပြီး တိကျခိုင်မာသော အချက်အလက်များရရှိရန် စစ်ကောင်စီက လွန်ခဲ့သော နှစ်အနည်းငယ်ခန့်ကတည်းက ကြိုးပမ်းနေခဲ့သည်။ တင်းကျပ်သော ဗဟိုထိန်းချုပ်မှုစနစ်အောက်တွင် စီမံခန့်ခွဲသည့် မှန်ကန်တိကျသော လူဦးရေနှင့် အိမ်ထောင်စုအကြောင်းအရာ၊ အချက်အလက်များ လက်ဝယ်တွင်ရှိပါက စစ်ကောင်စီသည် နိုင်ငံရေးအတိုက်အခံများကို ပိုမိုထိရောက်စွာ ခြေရာခံနိုင်ပေလိမ့်မည်။ ထို့ပြင် ထိုနည်းပညာကို နိုင်ငံသားအားလုံး၏ သွားလာလှုပ်ရှားမှုများအား စောင့်ကြည့်ရာတွင် သာမက ယမန်နှစ် ဖေဖော်ဝါရီတွင် စတင်အသက်သွင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရာတွင်လည်း အသုံးပြုနိုင်ပေသည်။
ပြည်သူများ၏ လက်ဗွေရာ၊ မျက်နှာနှင့် မျက်လုံးပုံ စသည့် ဇီဝအချက်အလက် မှတ်တမ်းတင်ခြင်းအပါအဝင် လူပုဂ္ဂိုလ်များ၏ အချက်အလက်များ စုဆောင်းမှုများကို စစ်ကောင်စီက ၂၀၂၂ကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်း ဖရွန်တီးယားက ထိုစဉ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။ ယမန်နှစ်ကစတင်ကာ စစ်ကောင်စီက ထိုအချက်အလက်များကို အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်းစီအတွက် သီးသန့်အတည်ပြုစိစစ်ရေးကတ်ပြားများကို (UID) စတင်ထုတ်ဝေခဲ့သည်။ ထိုကတ်ပြားများတွင် စကင်ဖတ်၍ရသည့် QR ကုတ်တစ်ခုပါဝင်ပြီး ကတ်တစ်ခုလျှင် သီးသန့်မှတ်သားထားသည့် ဂဏန်း၁၀လုံးပါဝင်သော ကိုယ်ပိုင်နံပါတ်ပါရှိသည်။ ထို UID ကတ်များသည် ၁၉၉၀ပြည့်နှစ်များကတည်းက နိုင်ငံသားဖြစ်ကြောင်း အတည်ပြုရန် အသုံးပြုခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်ဟုလူသိများသော ပန်းရောင်ကတ်ပြားများ)ကို အစားထိုးရန် ဖြစ်သည်။
တစ်နိုင်ငံလုံးဆိုင်ရာ ဒေတာဘေ့စ် (ဒစ်ဂျစ်တယ်အချက်အလက်ပေါင်းချုပ်)တွင် စစ်ကောင်စီက ဖမ်းဆီးရန် အလိုရှိနေသူများကိုမှတ်သားထားသည်။ ၂၀၂၃မှစ၍ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနှင့် လေဆိပ်များတွင် ထိုအချက်အလက်များကို အသုံးပြု၍ ခရီးသွားများအား တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ဤသို့နှင့် နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ကြိုးပမ်းခဲ့သည့် CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ အများအပြား အဖမ်းဆီးခံရတော့သည်။
ယခုနှစ် မတ်လမှစ၍ စစ်ကောင်စီက ထိုဒေတာအချက်အလက်များကိုအသုံးပြု၍ အနယ်နယ်၊ အရပ်ရပ်ရှိ စစ်ဆေးရေးဂိတ်များတွင် ပြည်တွင်းခရီးသွားများအား တိုက်ဆိုင်စစ်ဆေးမှုများ စတင်လုပ်ဆောင်တော့သည်။ မမီမီးကြုံတွေ့ခဲ့ရသကဲ့သို့ပင် တာဝန်ကျ ရဲအရာရှိများသည် တက်ဘလက်သို့မဟုတ် ကွန်ပြူတာများကို အသုံးပြုပြီး ဗဟိုဒေတာဘေ့စ်ကို လှမ်း၍ချိတ်ဆက်ပြီး ခရီးသွားများကို ချက်ချင်းလက်ငင်း စစ်ဆေးနိုင်သည်။
ထိုသို့ ခြေရာခံမှုများက အထိုက်အလျောက် အောင်မြင်ခဲ့သည်။ လွန်ခဲ့သည့် မတ်၇ရက်မှ ၂၁ရက်အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ဖွဲ့က အလိုရှိသူ ၁,၆၅၇ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု Eleven သတင်းဌာနက ဆိုသည်။ ဖမ်းခံရသူများတွင် ရာဇဝတ်မှုကျူးလွန်သူများပါဝင်သည့်အပြင် စစ်ပြေး၊ ရဲပြေးများလည်း ပါဝင်သည်ဟု ထိုသတင်းဌာနကဆိုသည်။
ထို့ပြင် အလားတူစစ်ဆေးမှုများအတွင်း တော်လှန်ရေးတပ်များကို ထောက်ပံ့သည်ဟု စွပ်စွဲခံရ၍ ဖမ်းဆီးခံရသူများလည်းရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ ထိုသို့ဖမ်းဆီးခံရသူများအနက် မော်လမြိုင်မြို့နှင့် ရှမ်းပြည်နယ် ကလောမြို့တို့တွင် မတ်လလယ်ခန့်က သီးခြားစစ်ဆေးခံရသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ပါဝင်သည်။ ၎င်းတို့ကို “အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့”၍ အလိုရှိတရားခံပြေးစာရင်းတွင် ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ မေလကုန်တွင် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်အတွင်း တက္ကသိုလ်ကျောင်းသူတစ်ဦးကိုလည်း လွန်ခဲ့သည့် သုံးနှစ်ခန့်က အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ကြောင်း ၎င်းကိုယ်တိုင်ပင်မသိရှိသည့် စွပ်စွဲချက်များဖြင့် အလိုရှိတရားခံပြေးစာရင်းတွင် ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီက မည်သည့်နည်းပညာကို အသုံးပြုနေကြောင်း ထုတ်ဖော်ပြောဆိုထားခြင်းမရှိသော်လည်း သတင်းဌာနများကမူ လူတစ်ဦးချင်းစိစစ်စောင့်ကြည့်စနစ် (Person Scrutinization and Monitoring System) နည်းပညာကို သုံးစွဲနေကြောင်း ဆိုကြသည်။ ထိုနည်းပညာကို မည်သည့်အဖွဲ့အစည်းထံမှ ရယူသုံးစွဲသည်ကို ဖရွန်တီးယားက အတည်မပြုနိုင်သလို ထိုနည်းပညာနှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေသည်။ ခေတ်သစ်ကဲ့သို့ သတင်းဌာနအချို့က ထိုနည်းပညာကို စစ်ကောင်စီက ရုရှားနိုင်ငံထံမှ ရယူသည်ဟုဆိုသော်လည်း အချို့သတင်းဌာနများကမူ ထိုနည်းပညာကို တရုတ်ကုမ္ပဏီ ဟွားဝေက ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းဆိုကြသည်။
လူ့အခွင့်အရေးအဖွဲ့အစည်းများဖြစ်သည့် Human Rights Myanmar နှင့် Myanmar Internet Project တို့ကမူ ထိုစနစ်တွင် ဉာဏ်ရည်တုနှင့် မျက်နှာပုံရိပ်ဖတ်နည်းပညာများကို အသုံးပြုသည်ဟု ဆိုသည်။ သို့သော် လက်တွေ့တွင်မူ အာဏာပိုင်များက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီ၏ အချက်အလက်များကို ဒစ်ဂျစ်တယ်မှုပြုထားသော ဗဟိုဒေတာဘေ့စ်နှင့် တိုက်ဆိုင်စစ်ဆေးလေ့ရှိကြောင်း သတင်းရင်းမြစ်များက ဖရွန်တီးယားသို့ ပြောသည်။
ခရီးသွားများကို ဟိုတယ်နှင့် တည်းခိုခန်းများတွင် အလားတူပင် စစ်ဆေးလေ့ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။ ထိုနည်းပညာသစ်ကို ကိုယ်တိုင်ကိုယ်ကျ အသုံးမပြုဖူးသော်လည်း အလိုရှိ တရားခံပြေးများကို အလျင်အမြန် ခြေရာခံနိုင်သဖြင့် “တရားခံဖမ်းစက်”ဟု ရဲအရာရှိများက အမည်ပြောင်ပေးထားကြောင်း ၎င်းက ပြောသည်။
”မတ်လကစပြီး စစ်ဆေးရေးဂိတ်တွေမှာ တက်ဘလက်တွေနဲ့ စစစ်တာထင်တယ်”ဟု ရန်ကုန်နှင့် မကွေးသို့ ခေါက်တုန့်ခေါက်ပြန်အဝေးပြေးကားမောင်းသည့် အမည်မဖော်လိုသူ ယာဥ်မောင်းတစ်ဦးက ပြောသည်။ “ဂိတ်တွေမှာ သတ်သတ်မှတ်မှတ်နဲ့ အမြဲတမ်းတော့ ရှိမနေဘူး။ ရှောင်တခင်စစ်တာမျိုးပေါ့”
ဂိတ်များတွင် ထိုသို့စစ်ဆေးမှုများကြောင့် တော်လှန်ရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများအတွက် အန္တရာယ်ရှိလာသည့်အခါ ပွဲစားများက ငွေရလမ်းတစ်ခု ဖော်လာကြသည်။ ပွဲစားများက ၎င်းတို့နှင့် ချိတ်ဆက်ထားသည့် အာဏာပိုင်များနှင့် ပူးပေါင်း၍ အလိုရှိသည့်စာရင်းများတွင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အမည်နှင့် အချက်အလက်များ ပါဝင်ခြင်းရှိ၊ မရှိ ငွေကြေးရယူ၍ စစ်ဆေးပေးခြင်း ဖြစ်သည်။
“စစ်ဆေးရေးဂိတ်တွေ ဖြတ်ရတာ ကျနော် တော်တော်စိတ်ဒုက္ခရောက်ရတယ်”ဟု ရန်ကုန်မြို့ရှိ CDM ကျောင်းဆရာတစ်ဦးက ပြောသည်။ သို့သော် စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်မှတ်တမ်းစာရင်းတွင် ၎င်း၏အမည်ပါဝင်ခြင်းရှိ၊ မရှိကို ပွဲစားတစ်ဦးမှတစ်ဆင့် ငွေကျပ်၇၀,၀၀၀ ပေး၍ စစ်ဆေးခဲ့ကြောင်း ထိုကျောင်းဆရာက ဆိုသည်။ “CDM လုပ်ထားတယ်ဆိုပြီး မှတ်ချက်မရှိဘူးလို့ ပြောတယ်။ အဲဒီကျမှ စိတ်သက်သာရာရတယ်”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။

ချိတ်ဆက်နေသည့် လုပ်ငန်းစဥ်များ
စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် ၂၀၂၂မှစတင်၍ ဒစ်ဂျစ်တယ်စနစ်ဖြင့် နိုင်ငံတော်အဆင့် ဗဟိုဒေတာဘေ့စ်တစ်ခု တည်ဆောက်ပြီး မြန်မာနိုင်ငံလူဦးရေ အရေအတွက်နီးပါးရှိသည့် ၅၂သန်းသော နိုင်ငံသားများ၏ အချက်အလက်များကို စက္ကူဖိုင်တွဲများပေါ်မှ ကွန်ပြူတာစနစ်ထဲသို့ စာရင်းသွင်းခဲ့သည်။ လူပုဂ္ဂိုလ်များ၏ အမည်များကိုမှားယွင်းသော သို့မဟုတ် မပြည့်စုံသော ကိုယ်ရေးအချက်အလက်များနှင့် အမြဲတစေ တွဲစပ်ဖြည့်သွင်းထားသည့် စက္ကူဖိုင်တွဲများပေါ်ရှိ မှတ်တမ်းဟောင်းများသည် အမှားများနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် ဝန်ကြီးဌာနက ထိုအချက်အလက်များကို ပြုပြင်ရန် ဇီဝအချက်အလက်မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။ ထိုလုပ်ငန်းစဉ်သည် အသက်၁၀နှစ်နှင့်အထက် လူပုဂ္ဂိုလ်များအား လက်ဗွေ၊ မျက်နှာနှင့် မျက်လုံးများကို စကန်ဖတ်၍ (နည်းပညာဖြင့်မှတ်တမ်းရယူခြင်း) ၎င်းတို့၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် မှတ်တမ်း သိမ်းဆည်းထားခြင်းဖြစ်သည်။
ဇီဝအချက်အလက်မှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်တွင် လူဦးရေမည်မျှ ပါဝင်ပြီးဖြစ်သည်ကို အတိအကျမသိရသော်လည်း ထိုဝန်ကြီးဌာန၏ ယခင်ကြေညာချက်များအရ အနည်းဆုံး သန်းနှင့်ချီသော လူ၊ ပုဂ္ဂိုလ်များ၏ အချက်အလက်များကို ဒစ်ဂျစ်တယ်မှတ်တမ်းအဖြစ် ပြောင်းလဲထားပြီးဖြစ်သည်။ ထိုလုပ်ငန်းစဉ်တွင် ပါဝင်သူများသာလျှင် သီးသန့်မှတ်ပုံတင်ကတ် (UID)များ ရရှိမည်ဖြစ်သည်။ ထို UIDကတ်များသည် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ နယ်စပ်ဖြတ်သန်းသွားလာခြင်း၊ ကျန်းမာရေးနှင့် ပညာရေးစသော ပြည်သူ့ဝန်ဆောင်မှုများ ရယူခံစားခြင်း၊ မိုဘိုင်းဖုန်းဆင်းကတ်များဝယ်ယူခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်ခြင်းနှင့် ယာဉ်မောင်းလိုင်စင် လျှောက်ထားခြင်း စသည့် လုပ်ငန်းစဉ်များအတွက် လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။ သို့သော် လက်ရှိတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် နယ်စပ်ဖြတ်သန်းသွားလာခြင်းတို့အတွက်သာ UID ကတ်များလိုအပ်နေသေးပြီး အခြားသော အများဆိုင်ဝန်ဆောင်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်(ပန်းရောင်)ကတ်များကို အသုံးပြု၍ရနေသေးသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
ထိုဒစ်ဂျစ်တယ်မှတ်တမ်းများသည်လည်း မှားယွင်းသော သို့မဟုတ် မပြည့်စုံသော အချက်အလက်များနှင့် ပြည့်နှက်နေသေးသည်ဟု ဧရာဝတီတိုင်းဒေသကြီးရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ဆိုသည်။ ထိုအချက်အလက်အများစုသည် ဇီဝမှတ်တမ်းတင်လုပ်ငန်းစဉ်တွင် မပါဝင်ရသေး၍ UID ကတ်မရရှိသေးသည့် လူပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များဖြစ်ပြီး ၎င်းတို့ကို လူဝင်မှုကြီးကြပ်ရေးရုံးများရှိ စက္ကူဖိုင်တွဲများမှ ရယူ၍ စာရင်းသွင်းခြင်းဖြစ်သည်။
“စာရွက်ပေါ်ကနေ ကွန်ပြူတာထဲကို အချက်အလက်တွေထည့်တဲ့အခါမှာ အမှားတွေအများကြီးရှိခဲ့တယ်။ စာရွက်ပေါ်မှာ မသဲကွဲတဲ့ အချက်အလက်တွေဆိုရင် ခန့်မှန်းပြီးထည့်ခဲ့ရတာမျိုးတွေ ရှိတယ်။ အစိုးရက ပြည်သူတွေကို UIDကတ်တွေ လာလုပ်ကြဖို့ဖိအားပေးလိုက်တော့မှပဲ ပိုမိုပြည့်စုံတဲ့ အချက်အလက်တွေကို ရတာဖြစ်တယ်”ဟု အမည်မဖော်လိုသည့် အဆိုပါ လဝကအရာရှိက ဖရွန်တီးယားသို့ ပြောသည်။
တချိန်တည်းတွင် ပို၍အရှိန်ရလာသည့် စစ်ကောင်စီ၏ နိုင်ငံသားများအား ဇီဝအချက်အလက်ကောက်ယူမှုသည် အာဏာသိမ်းမှုအလွန် တော်လှန်ရေးလှုပ်ရှားမှုကို ခြေရာခံထောက်လှမ်းသည့် လုပ်ငန်းစဉ်များနှင့်လည်း ချိတ်ဆက်နေသည်။ ထိုလုပ်ငန်းစဉ်များတွင် မိုဘိုင်းဆင်းကတ်များကို အသုံးပြုသူက မဖြစ်မနေမှတ်ပုံတင်ရခြင်းနှင့် ယခုနှစ်ဆန်းပိုင်းတွင် ဆိုက်ဘာလုံခြုံရေးဥပဒေကိုပြဋ္ဌာန်းခြင်းတို့ပါဝင်သည်။ ဆိုက်ဘာလုံခြုံရေးဥပဒေအရ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများသည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို သုံးနှစ်အထိ သိုမှီးထားရှိရမည်ဖြစ်ပြီး အာဏာပိုင်များက တောင်းဆိုပါက ပေးအပ်ရမည်ဖြစ်သည်။ ထိုသို့ ပြုခြင်းမှာ အသုံးပြုသူ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ချိုးဖောက်မှုများအနက်က တစ်ခုဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်အောက်တိုဘာက သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် ပထမဆုံးအကြိမ်အဖြစ် မိုဘိုင်းတက်ဘလက်များ အသုံးပြု၍ အရေးကြီးသည့် ကိုယ်ရေးအချက်အလက်နှင့် အိမ်ထောင်စုအကြောင်းအရာများကို စာရင်းရေးသွင်းခဲ့သည်။ သို့သော် လူဦးရေ ၃၂သန်းကျော်ကိုသာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ပြီး လူပေါင်းသန်း၂၀ကျော်ကို ချန်လှပ်ထားခဲ့သည်ဖြစ်ရာ ထိုသန်းခေါင်စာရင်း၏ တိကျမှန်ကန်မှုအပေါ် ကျွမ်းကျင်သူများက သံသယဝင်သည်။
အစောဆုံး ဒီဇင်ဘာတွင် ကျင်းပရန် ရည်မှန်းထားသည့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် သန်းခေါင်စာရင်းမှ ရလာသည့်အချက်အလက်များကို အသုံးပြုမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ သို့သော် ထိုရွေးကောက်ပွဲသည် စစ်မှန်သည့် အတိုက်ခံအင်အားစုများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိသည့်အပြင် အခြေခံလွတ်လပ်ခွင့်များကို ဖိနှိပ်ထားသည့် အတုအယောင်ရွေးကောက်ပွဲမျှသာ ဖြစ်လိမ့်မည်ဟု လူအများက ယူဆထားကြသည်။ မည်သို့ပင်ဆိုစေ ၂၀၂၀ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်၍ အာဏာသိမ်းခဲ့စဉ်က မဲစာရင်းလိမ်လည်၍မသမာမှုများရှိခဲ့သည်ဟု ဗိုလ်ချုပ်ကြီးများက မှားယွင်းစွာ အကြောင်းပြခဲ့သည်ဖြစ်ရာ လက်ရှိတွင် ၎င်းတို့သည် “မှန်ကန်သော” မဲစာရင်းရရှိရန် အသည်းအသန်ကြိုးပမ်းရတော့သည်။
နည်းပညာသစ်နှင့် အကျင့်ဟောင်းများ
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ကိုယ်ရေးအချက်အလက်ကောက်ယူမှု လုပ်ငန်းစဉ်များတွင် တတ်နိုင်သမျှ ရှောင်ရှားကြရန် Spring Revolution Security အဖွဲ့ဝင် ဆိုက်ဘာရေးရာကျွမ်းကျင်သူတစ်ဦးက အကြံပေးသည်။ သို့တိုင် ထိုလုပ်ငန်းများတွင် ပါဝင်ရန် အကြောက်အကန် ငြင်းဆန်ပါကလည်း “ပစ်မှတ်ထား စောင့်ကြည့်ခံရနိုင်သည်”ဟု ၎င်းက သတိပေးထားသည်။ သို့သော် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်သူများကမူ စစ်ကောင်စီ၏ ရေဒါစက်ကွင်းက လွတ်ကင်းအောင် ပို၍သတိကြီးကြီးထားသင့်သည်ဟု ၎င်းကဆိုသည်။
“ခရီးသွားတဲ့အခါ သတိကြီးစွာထားသင့်ပြီးတော့ တတ်နိုင်သလောက် စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းသွားလာသင့်တယ်”ဟု အဆိုပါအမည်မဖော်လိုသည့် ကျွမ်းကျင်သူက ဖရွန်တီးယားသို့ ပြောသည်။
အာဏာပိုင်များ၏ရန်ကို စိုးရိမ်စရာသိပ်မလိုအပ်သည့် ပြည်သူများအတွက်မူ စစ်ကောင်စီက အသစ်တည်ဆောက်ခဲ့သော လူဦးရေဆိုင်ရာ ဒေတာဘေ့စ်အသစ်နှင့် UID ကတ်များသည် အပေါ်ယံကြည့်ပါက ပို၍အဆင်ပြေစေသည်။
စာရွက်စာတမ်းများ၏နေရာတွင် အဆင့်မြင့်နည်းပညာများ အစားထိုးဝင်ရောက်လာခြင်းကြောင့် လုပ်ငန်းများ သိသိသာသာမြန်ဆန်လာသည်ဟု ဧရာဝတီတိုင်းဒေသကြီးမှ လူဝင်မှုကြီးကြပ်ရေးအရာရှိက ဆိုသည်။
“နိုင်ငံသားစိစစ်ရေးကတ်အဟောင်းပျောက်လို့ အသစ်လာလျှောက်တဲ့အခါမှာ မြို့နယ်ရုံးက စတိုခန်းထဲမှာ သူတို့ရဲ့ မူရင်းကိုယ်ရေး အချက်အလက်တွေကို ပြန်သွားရှာရတယ်။ အခုတော့ ကွန်ပြူတာထဲမှာ နာမည်ရိုက်လိုက်တာနဲ့ သူတို့ရဲ့ အချက်အလက်တွေကို တန်းရတယ်။ ပိုပြီးတော့ လွယ်သွားတယ်”ဟု ၎င်းကပြောသည်။
သို့သော် နှစ်ပေါင်းများစွာ အစဉ်အလာတစ်ရပ်လိုဖြစ်လာသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ မှတ်တမ်းထိန်းသိမ်းမှု အားနည်းချက်ကြောင့် စာရွက်စာတမ်းများကို လျှောက်ထားရယူခြင်းသည် လူတိုင်းအတွက်တော့ မလွယ်ကူလှပေ။
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှ အမျိုးသားတစ်ဦးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးသွားသဖြင့် အသစ်လျှောက်ထားရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ မကြာသေးမီက သွားရောက်ခဲ့သည်။ သို့သော် ၁၉၅၆တွင် ကွယ်လွန်ခဲ့သော အဖိုးဖြစ်သူ၏ မှတ်ပုံတင်နံပတ်ကို လဝကဝန်ထမ်းများက ဒစ်ဂျစ်တယ်ဒေတာဘေ့စ်တွင် ရှာမတွေ့သဖြင့် ၎င်းကို နိုင်ငံသားစိစစ်ရေးကတ် အသစ်လျှောက်ထားရန် ခွင့်မပြုခဲ့ပေ။
ယခင်ကဆိုလျှင် စတိုခန်းထဲမှ မိသားစုမှတ်တမ်းဟောင်းများကို ရှာဖွေရသည်မှာ ခက်ခဲသည့်အတွက် ထိုကဲ့သို့ ကိစ္စမျိုးကို တခါတရံ ကျော်သွားလေ့ရှိကြသည်ဟု ထိုအမျိုးသားက ဆိုသည်။
“အခုကျတော့ ကွန်ပြူတာထဲတင် စစ်လို့ရပြီး ရှာမတွေ့ဘူးဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ကလည်း မရတော့ဘူး”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။ “အရင်က ကတ်ရှိထားဖူးတဲ့ သူတစ်ယောက်အတွက်ကျ ဒီလိုမှတ်ပုံတင်ကတ်ပြန်မရတာက အဓိပ္ပာယ်မရှိဘူး”
သို့ရာတွင် ကြိုးနီစနစ်ရှိနေသည့်အတွက် ထိုပြဿနာကို ငွေပေးလိုက်ရုံဖြင့် ဖြေရှင်း၍ရနေသည်။ “လဝက အရာရှိကို ပိုက်ဆံပေးလိုက်တော့ ကတ်ရဖို့အတွက် ခရိုင်ရုံးကို အသနားခံစာတင်ပေးတယ်” ဟု ၎င်းကပြောသည်။ ထိုကဲ့သို့ ငွေကျပ်၂၅၀,၀၀၀ လာဘ်ထိုးလိုက်သဖြင့် တစ်လအတွင်းမှာပင် မှတ်ပုံတင်ကတ်အသစ် ရရှိခဲ့သည်ဟုလည်း ၎င်းကဖြည့်စွက်သည်။