ဓမ္မစေတီခေါင်းလောင်းအား ဆယ်ယူရန် ထပ်မံကြိုးစားဦးမည်ဟု ဦးစံလင်းပြောကြား

ရန်ကုန်၊ ဇွန် ၂၁

ဒဏ္ဍာရီဇာတ်လမ်းများနှင့် သမိုင်းကြောင်းများ ရောထွေးနေပြီး ရေအောက်နစ်မြုတ် ပျောက်ဆုံးနေသည်ဆိုသော ဓမ္မစေတီခေါင်းလောင်းကြီးကို လာမည့် ဝါခေါင်လ (သြဂုတ်လ) တွင် ကုန်းပေါ်သို့အရောက် ဆယ်ယူမည်ဟု ဦးစံလင်းက ပြောကြားလိုက်သည်။

ဦးစံလင်းသည် လွန်ခဲ့သည့်နှစ်နှစ်က ဓမ္မစေတီခေါင်းလောင်း ရှာဖွေရေးတွင်ဦးဆောင်ခဲ့သူဖြစ်ပြီး မအောင်မြင်ခဲ့သည့် သူ၏ ခေါင်းလောင်းရှာပုံတော်ကို ပြန်လည်အသက်သွင်းရန် စီစဉ်နေခြင်းဖြစ်သည်။ သူ၏ခေါင်းလောင်းဆယ်ယူရေး လုပ်ငန်းစဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားသော်လည်း ဆိုင်းငံ့ခံထားရကြောင်း၊ အစိုးရက ခွင့်ပြုပါက ခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းကို စတင်လုပ်ကိုင်မည်ဟု ဦးစံလင်းက ရန်ကုန်တွင် ယနေ့ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းတစ်ခုဟု ယုံကြည်သူများက လက်ခံထားသည့် ဓမ္မစေတီခေါင်းလောင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀၄ နှစ်ခန့်က ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်မှ ဖယ်ရှားခံခဲ့ရပြီး သယ်ဆောင်သွားစဉ် ရန်ကုန်နှင့် သံလျှင်အကြား မြစ်သုံးသွယ်နေရာတွင် နစ်မြုပ်ပျောက်ဆုံးခဲ့သည်ဟု ဦးစံလင်းက ယုံကြည်ထားသည်။

သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေခဲ့သည့် ထုတ်ပြန်ချက်တွင် ဦးစံလင်းက ခေါင်းလောင်းကြီးကို ရေအောက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ၊ စုစုပေါင်း ၅၂ ပေတွင် ၁၉၉၈ ခုနှစ်၊ သြဂုတ် ၁၁ ရက်နေ့က ၎င်းကိုယ်တိုင် ရေငုတ်ရှာဖွေ တွေ့ရှိပြီးဖြစ်သည်ဟု ဖော်ပြထားသည်။ တွေ့ရှိပြီးသည့် ခေါင်းလောင်းကြီးပေါ်တွင် ဂျပန်ခေတ်က နစ်မြုတ်နေသော ပေ ၁၀၀ အရှည်ရှိ သံသင်္ဘောကို ဖယ်ရှားပြီးမှသာ ခေါင်းလောင်းကြီးကို ဆယ်ယူနိုင်မည်ဟုလည်း ဖော်ပြထားသည်။

ခေါင်းလောင်းကြီးကို Buffer စနစ်ဖြင့် Buoyancy လုပ်ပြီး ကုန်းပေါ်သို့ အရောက်တင်မည်ဖြစ်ကာ တပ်မတော်ရေတပ်၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် အမြှောက်ကြီးနေရာမှတင်ပြီး စစ်ရေးပြအဆောင်တွင် အချိန်ယူကာ ဓာတ်ပြုမှုကြောင့် တွယ်ကပ်လျက်ရှိသော ချေးများကို အနုစိတ် ရှင်းလင်းဆောင်ရွက်ပြီးမှ ရွှေရောင်တဝင်းဝင်း တောက်ပစွာဖြင့် ခေါင်းလောင်းတော်ကြီးကို တွေ့ရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။ ၎င်းခေါင်းလောင်းတော်ကြီးကို ထိုးလိုက်ပါက အသံမြည်ပြီး မြည်ဟိန်းသွားမည်ဖြစ်သည်ဟုလည်း ဦးစံလင်းက ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

သို့သော်လည်း အခြားတစ်ဘက်တွင်မူ အဆိုပါအကြောင်းအရာများသည် သက်သေမရှိသည့် ပုဂ္ဂလိက ယုံကြည်မှုများသာဖြစ်ကြောင်းလည်း သမိုင်းပညာရှင်အချို့က ထောက်ပြခဲ့သည်။

ဓမ္မစေတီခေါင်းလောင်း အမှန်တကယ်ရှိမရှိနှင့် ရှိခဲ့ပါက ပျောက်ဆုံးသွားပုံနှင့်ပတ်သက်ပြီး သမိုင်းကြောင်းဆိုင်ရာ အငြင်းအခုန်များမှာလည်း ဖြစ်ပွားနေဆဲဖြစ်သည်။

သတင်း- ထွန်းခိုင်

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar