ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသို့ တရားဝင်ခရီး သွားရောက်မည်

မြန်မာနိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ လာမည့် ရက်သတ္တပတ်အတွင်း တရားဝင်ခရီး သွားရောက်မည်ဖြစ်ကာ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် တွေ့ဆုံမည်ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၎င်း၏ ဝန်ကြီးများနှင့်အတူ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ တရားဝင်ခရီးစဉ်သည် အောက်တိုဘာ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ဂိုအာတွင် ကျင်းပမည့် အာရှဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်အပြီးတွင် တရားဝင်ခရီးစဉ်ကို ဆက်လက်သွားရောက်ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိုဒီနှင့် တွေ့ဆုံမည်ဖြစ်သလို အိန္ဒိယသမ္မတ ရှရီ ပရာနာ့ဗ် မူကာဂျီးနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ကိုပါ တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် ၎င်းတို့အစိုးရလက်ထက်၌ တိုင်းပြည်၏ စီးပွားရေး တိုးတက်လာစေရေးအတွက် ဆောင်ရွက်မှုအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အခမ်းအနားကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ခရီးစဉ်သည် နှစ်နိုင်ငံ အကျိုးစီးပွားအတွက်အပြင် နှစ်နိုင်ငံကြား ရှည်ရှည်ကြာကြာ တည်ရှိခဲ့သော နီးကပ်ပြီး ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးအတွက် ဆွေးနွေးနိုင်ရန် အခွင့်အရေးဖြစ်သည်” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုခရီးစဉ်အတွင်း နယ်စပ်ဒေသအရေးကိုလည်း ဆွေးနွေးနိုင်မည်ဟု နှစ်နိုင်ငံလုံးက မေ ျှာ်လင့်ထားသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသည့် အရှေ့မြောက်ပိုင်းဒေသများနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသည်။

ဒေသတွင်းလှုပ်ရှားနေသည့် စစ်သွေးကြွအဖွဲ့ ခုနစ်ဖွဲ့သည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ သစ်တောများအတွင်း လေ့ကျင့်ရေးစခန်းများ တည်ထောင်ထားသည်ဟု အိန္ဒိယထောက်လှမ်းရေးတာဝန်ရှိသူများက ပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းတွင် အိန္ဒိယက မြန်မာနိုင်ငံနှင့် တိုင်ပင်ကာ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့သည်ဟု သတင်းပေါ်ထွက်ခဲ့ပြီး အဆိုပါစစ်ဆင်ရေးအတွင် သူပုန်တစ်ဒါဇင်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နှစ်နှစ်အကြာ ၂၀၁၂ ခုနှစ်တွင် အိန္ဒိယသို့ နောက်ဆုံးသွားရောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကို တိုက်ခိုက်နေသည့် ဒီမိုကရေစီလှုပ်ရှားမှုများကို ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များတွင် အိန္ဒိယက ထောက်ခံခဲ့သော်လည်း နောက်ပိုင်းတွင် အနောက်နိုင်ငံများက ပိတ်ဆို့ထားသည့် မြန်မာအစိုးရနှင့် ပြန်လည်ဆက်ဆံခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar