စည်သူအောင်မြင့် ရေးသားသည်။
အတိုက်အခံ နိုင်ငံရေးသမားဘဝတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာနဲ့ပတ်သက်ပြီး တိုင်းရင်းသားတချို့ရဲ့ ဝေဖန်တာ ခံခဲ့ရပါတယ်။
အကြောင်းကတော့ တပ်မတော်ရဲ့ တိုင်းရင်းသားဒေသအတွင်း ထိုးစစ်တွေ၊ တိုင်းရင်းသားဒေသအတွင်း တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိဘူး၊ ရေငုံနှုတ်ပိတ်နေတယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ပါ။
ခုတော့ အခြေအနေ ပြောင်းလဲသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို ရယူ၊ အစိုးရအဖွဲ့ကို ဦးဆောင်မှုပေးနေရုံမက ငြိမ်းချမ်းရေး တည်ဆောက်မှုကိုလည်း ကိုယ်တိုင်ပဲ ဦးဆောင်နေပါတယ်။
အစိုးရတာဝန်ယူကာစ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေ စ တင်ကာစ အခြေအနေတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းကလိုပဲ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေကြား ပဋိပက္ခပြဿနာမှာ ဘယ်ဘက်မှ လိုက်ပါပြောဆိုတာ မလုပ်ဘဲ ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ အားလုံးပါဝင်နိုင်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တစ်ခု ပေါ်ပေါက်လာရေးကိုပဲ အာရုံစိုက်ခဲ့တာ တွေ့ကြရမှာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က လုပ်ခဲ့တဲ့ UPDJC အစည်းအဝေးမှာတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်ပြီး သူ့သဘောထား ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။ အလားတူ နိုဝင်ဘာလဆန်း ဂျပန်နိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပြန်ပါတယ်။
သူ ဘာတွေပြောခဲ့သလဲ၊ သူပြောဆိုပြီးနောက်ပိုင်း NCA စာချုပ် လက်မှတ်ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ လက်မှတ်ထိုးလာကြမှာလားဆိုတာ ဝေဖန်သုံးသပ်ကြည့်ကြရအောင်ပါ။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက ခုလိုပါ။ “အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်မရေးထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကို ရှာရပါမယ်။ လက်မှတ် မရေးထိုးရသေးတဲ့ အစုအဖွဲ့တွေကလည်း ပါဝင်လာဖို့ စိတ်အားထက်သန်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလမ်းဆိုတာ တစ်လမ်းပဲ ရှိပါတယ်။ ပဋိပက္ခရပ်စဲရေး လမ်းပဲ”ဆိုပြီး ဖြစ်ပါတယ်။
အဓိပ္ပာယ်ကတော့ လက်နက်ကိုင်အဖွဲ့အားလုံး NCA စာချုပ်မှာ လက်မှတ်ထိုးကြဖို့ လိုတယ်။ အဲလို လက်မှတ်ထိုးမှ ပဋိပက္ခစစ်ပွဲတွေ ရပ်စဲထားနိုင်မယ်။ အဲလို အခြေအနေအောက်မှာမှ NCA စာချုပ်ပါ အချက်တွေအတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေနဲ့ လုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန် လုပ်သွားနိုင်မယ်လို့ ဆိုလိုတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတိုင်း ဆက်ပြီးရပ်တည် အကောင်အထည်ဖော်လာတာ တွေ့ရမယ် ဖြစ်ပါတယ်။
သူက ထပ်ပြီး “အချိန်ကို သိပ်မဆွဲပါနဲ့။ ကျွန်မတို့နိုင်ငံဟာ ဆယ်စုနှစ်နဲ့ချီပြီး ငြိမ်းချမ်းရေးကို ငတ်မွတ်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဘယ်လောက် အချိန်ယူချင်သေးလဲ။ အချိန်ယူချင်ရင် ငြိမ်းချမ်းရေး ညီလာခံထဲဝင်ပြီး အချိန်ယူ ဆွေးနွေးကြပါ” “ဒီလိုပြောခြင်းအားဖြင့် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ အနေအထားကို နားလည်မှုမပေးတာ မဟုတ်ပါဘူး။ နားလည်မှုပေးပါတယ်။ ဒါပေမဲ့လည်း ဟိုဘက်ကလည်း ကျွန်မတို့ကို နားလည်မှုပေးစေချင်ပါတယ်” ဆိုပြီးဖြစ်ပါတယ်။
နိုဝင်ဘာလဆန်း ဂျပန်ခရီးစဉ်မှာလည်း ပြည်တွင်းစစ် ရပ်စဲရေးနဲ့ပတ်သက်တဲ့ မေးခွန်းကို “ပြည်တွင်းစစ်ရပ်စဲဖို့ အဓိကအခက်အခဲက ဘာလဲဆိုတော့ မရပ်စဲချင်တဲ့ စိတ်ဓာတ်ပဲ။ ရပ်စေချင်ရင် ရပ်စဲလို့ရတာပဲ။ ဒါပေမဲ့လည်း မရပ်စဲချင်တဲ့ အကြောင်းရင်းကို ကျွန်မတို့ရှာရမယ်။ ဘာဖြစ်လို့ မရပ်စဲချင်တာလဲ။ ဒီစစ်ကိုရပ်စဲခြင်းအားဖြင့် ဘယ်လိုအကျိုးယုတ်မယ်ထင်လို့ မရပ်စဲချင်တာလဲဆိုတာ ကျွန်မတို့မေးရမယ်”လို့ ခပ်ရှင်းရှင်း ဖြေခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလို ပြောဆိုချက်တွေ၊ ရပ်တည်ချက်တွေနဲ့ပတ်သက်လို့ကတော့ NCA စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က သိပ်သဘောကျကြမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ကေအိုင်အိုနဲ့ ဝ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ကြပါတယ်။
ကေအိုင်အိုဟာ NCA စာချုပ်ကို လက်မှတ်ထိုးမထားရုံမက အစိုးရနဲ့ တစ်ဖွဲ့ချင်း အပစ်ရပ်စာချုပ် ချုပ်ထားတာမျိုးလည်း မရှိပါဘူး။ ၂၀၁၁ ခုနှစ် တပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့ တိုက်ပွဲတွေ ပြန် စတင်ပြီးနောက်ပိုင်း ကေအိုင်အို ခေါင်းဆောင်တွေက ပြည်တွင်းစစ်ပြဿနာဟာ နိုင်ငံရေးပြဿနာ မပြေလည်လို့ ဖြစ်ရတာ၊ နိုင်ငံရေးပြဿနာ ပြေလည်သွားရင် တိုက်ပွဲတွေ သူ့အလိုလို ရပ်စဲသွားလိမ့်မယ်၊ ဒါကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ပဲလိုတယ်၊ အပစ်ရပ်စရာမလိုဘူး၊ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ မလိုဘူးဆိုပြီး ခံယူထားကြလို့ပါပဲ။
အလားတူ ဝ တပ်ဖွဲ့ကလည်း တစ်တိုင်းပြည်လုံးက အင်အားစု အားလုံးပါဝင်ကြမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မပါဝင်ချင်သလို၊ NCA စာချုပ်မှာလည်း လက်မှတ်ထိုးဖို့ မလိုဘူးလို့ ခံယူထားကြတာပါ။ သူတို့အနေနဲ့ အစိုးရ နဲ့ တစ်ဖွဲ့ချင်း နိုင်ငံရေးဆွေးနွေးမှုပဲ လုပ်ချင်တယ် ဆိုပြီး သဘောထား ထုတ်ပြန်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတိုင်း ဆက်ပြီးရပ်တည် အကောင်အထည်ဖော်လာတာ တွေ့ရမယ် ဖြစ်ပါတယ်။
အဲဒါကတော့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေအားလုံး NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးမှာ အတူတကွ လက်မှတ်ရေးထိုးကြမယ်၊ လက်မှတ်ထိုးပြီးရင် နောက်ထပ်တိုက်ပွဲတွေ ဆက်မဖြစ်အောင် အပစ်ရပ်ခိုင်မာအောင် လုပ်ကြမယ်၊ ပြီးရင် NCA စာချုပ်မှာ ပါတဲ့အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲကြီးတွေ လုပ်ကြမယ်၊ အဲဒီဆွေးနွေးပွဲတွေက ရလာတဲ့ ရလဒ်တွေကို လွှတ်တော်ရဲ့ အတည်ပြုချက်ရယူ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်ပြီး ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်သွားမယ်ဆိုတဲ့ လမ်းကြောင်းပါပဲ။