ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား တရားရုံးက ထောင်ဒဏ် ၂၂ နှစ်စီချမှတ်

ရဲမွန်

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ရခိုင်စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင်တရားရုံးက သီးခြားအမှု ၂ ခုစီအတွက် ထောင်ဒဏ် နှစ် ၂၂ စီကို ယနေ့ (မတ် ၁၉ ရက်) ချမှတ်လိုက်သည်။

၎င်းတို့နှစ်ဦးသည် ပြီးခဲသည့်နှစ်က အဖမ်းခံခဲ့ရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် တစ်နှစ်ကျော်ကြာအောင် အမှုရင်ဆိုင်ခဲ့ရသည်။

စစ်တွေခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ရာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)အတွက် ထောင်ဒဏ်၂ နှစ်စီနှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အတွက် ထောင်ဒဏ် ၂၀ နှစ်စီ စသည်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီမှ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က Frontier ကို အတည်ပြု ပြောကြားသည်။ ထိုပြစ်ဒဏ်နှစ်ခုအား တပေါင်းတည်းကျခံရမည်ဖြစ်သည်။

“ရခိုင်လူထုတစ်ရပ်လုံး စိတ်ကောင်းမှာမဟုတ်ဘူး။ ပြစ်ဒဏ်ကလည်း လုံးဝကို တရားမျှတမှု မရှိဘူး”ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့သည် အဆိုပါပုဒ်မများအပြင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁၊၂)တို့နှင့်လည်း အမှုဖွင့်ခံရသော်လည်း သက်သေခိုင်မာမှု မရှိခြင်းကြောင့် စွဲချက်တင်သည့်အမိန့်ချမှတ်ရာတွင် ယင်းပုဒ်မကို စစ်တွေခရိုင်တရားရုံးက ပယ်ဖျက်ပေးခဲ့သည်။

ဒေါက်တာအေးမောင်ကိုနှင့် ဝေဟင်အောင်တို့အား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်သည် ဇန်နဝါရီ ၁၅ ရက်ညက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အခမ်းအနား၌ ရခိုင်စာရေးဆရာ ဝေဟင်အောင်နှင့်အတူ ဟောပြောမှု ပြုလုပ်ခဲ့ပြီးနောက် အစိုးရက အရေးယူရန် စီစဉ်ခဲ့ခြင်းသည်။

အဆိုပါဟောပြောပွဲတွင် ဗမာများက ရခိုင်လူမျိုးများကို ကျွန်အဖြစ်လောက်သာထားပြီး တန်းတူအခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာအာဏာရရှိ ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း စသဖြင့် ဒေါက်တာအေးမောင်က ထည့်သွင်းဟောပြောခဲ့သည်ဟု အစိုးရက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိနိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်ရန်၊ အချုပ်အခြာအာဏာ ပြန်လည်ရယူလိုရေး စိတ်ဓာတ်မွေးရန် အဆိုပါဟောပြောပွဲ၌ ဒေါက်တာအေးမောင်က တိုက်တွန်းခဲ့ကြောင်းလည်း အစိုးရက ပြောကြားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ၌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါက်တာအေးမောင်သည် ၂၀၁၅ ခုနှစ်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာရေးအတွက် ကြိုးပမ်းခဲ့သည်။ သို့သော် ထိုနှစ်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ ရည်မှန်းချက်လည်း ပျက်ပြယ်သွားခဲ့သည်။

ထို့နောက် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် အန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါက်တာအေးမောင် အနိုင်ရရှိခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.