ဒေါက်တာသန်းထွဋ္ဋ်အောင်၏ အာမခံလျောက်ထားမှုကို တရားရုံးက ပယ်ချ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရကာ ဖမ်းဆီးခံထားရသည့် Eleven Media ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ္ဋ်အောင်၏ အာမခံလျောက်ထားမှုကို တာမွေတရားရုံးက ယနေ့ပယ်ချလိုက်သည်။

ကျန်းမာရေးအကြောင်းပြချက်ဖြင့် အာမခံပေးရန် ဒေါက်တာသန်းထွဋ္ဋ်အောင်က ပြီးခဲ့သည့် ရက်သတ္တပတ်က တင်ပြခဲ့မှုကို မြို့နယ်တရားသူကြီး ဒေါ်ကေသီလှိုင်က ပလပ်လိုက်ခြင်းဖြစ်သည်။

နှလုံးသွေးကြောကျဉ်း၊ အသည်းအဆီဖုံးနှင့် အစာအိမ်ရောဂါများ ခံစားနေရသည်ဟုဆိုကာ အာမခံတင်သွင်းခဲ့သော်လည်း တင်ပြခဲ့သည့် ကျန်းမာရေးထောက်ခံချက်မှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဆေးရုံမှ ထောက်ခံချက်မဟုတ်ခြင်း၊ ထောင်တွင်းတွင် ကုသနိုင်ခြင်းနှင့် ကျန်းမာရေးထိခိုက်မှုနှင့် ပက်သက်ပြီး အကျဉ်းထောင်ဘက်က တင်ပြမှုမရှိခြင်းတို့ကြောင့် ပလပ်လိုက်ခြင်းဖြစ်သည်ဟု တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။

တာမွေတရားရုံးသို့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင်ရောက်ရှိလာသည့် ဒေါက်တာသန်းထွဋ္ဋ်အောင်က ၎င်းစွပ်စွဲခံထားရသည့်အမှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောကြားခြင်းမရှိပေ။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လက်ပတ်နာရီကိစ္စအား Facebook လူမှုကွန်ယက်တွင် မဟုတ်မမှန် ရေးသားသည်ဟူသော စွပ်စွဲချက်ဖြင့် Eleven Media မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် Daily Eleven သတင်းစာ စာတည်းချုပ် ဦးဝေဖြိုးတို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်တွင် ၎င်းတို့နှစ်ဦး အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အလဲဗင်းမီဒီယာဂရု(ပ်)က ထုတ်ဝေပြီး လူသိများသည့် သတင်းစာဖြစ်သော Daily Eleven သတင်းစာ၏ နိုဝင်ဘာ ၆ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာအာဘော်၌ အမည်ဖော်ပြမထားသော ဝန်ကြီးချုပ်တစ်ဦး ဝတ်ဆင်သည့် အမေရိကန်ဒေါ်လာတစ်သိန်းခန့် တန်သည်ဆိုသည့် ဖာတစ်ခ် ဖီးလစ် Patek Phillipe နာရီကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) တွင် ဆက်သွယ်ရေး ကွန်ရက်တခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း(သို့မဟုတ်) ခြိမ်းခြောက်ခြင်းလုပ်သူများကို အရေးယူရန် ပြဌာန်းထားသည်။ ဥပဒေတွင် ယင်းပုဒ်မသည် အာမခံ မရနိုင်ကြောင်း ဖော်ပြထားသေးသည်။ ထိုပုဒ်မအတွက် ပြစ်ဒဏ် သတ်မှတ်ချက်သည် သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar