ဒုရဲမှူး မိုးရန်နိုင်အား မယုံကြည်ရသည့် သက်သေအဖြစ် သတ်မှတ်ပေးရန် တရားလိုရှေ့နေ တင်ပြ

ဆုမြတ်မွန်

ရိုက်တာသတင်းသမားနှစ်ဦးအား ဖမ်းဆီးရန် ရဲအရာရှိတစ်ဦးက ထောင်ခြောက်ဆင်စေခဲ့ဟု ပြောကြားခဲ့သည့် ဒုရဲမှူး မိုးရန်နိုင်အား မယုံကြည်ရသည့် သက်သေအဖြစ် ကြေညာပေးရန် မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားသူကြီးထံ အစိုးရရှေ့နေများက ယနေ့ လျှောက်ထားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရကာ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်သည်ဟု စွပ်စွဲခံထားရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ အမှုအား လေးလကြာ ဆက်လက်စစ်ဆေးနေရာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က ရုံးချိန်းတွင် ၎င်းတို့နှစ်ဦးအား ရဲတပ်ဖွဲ့က အမှုဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုပြောကြားခဲ့သည်။

ဒုရဲမှူးမိုးရန်နိုင်မှာလည်းအခြား ရဲတပ်ကြပ်ကြီးတစ်ဦးနှင့်အတူ ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံရထားရသူဖြစ်ပြီး ၎င်းအား သက်သေတစ်ဦးအဖြစ် တရားလိုဘက်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

“သူတို့ဘက်က ဘာပြောလည်းဆိုတော့ ကိုမိုးရန်နိုင်ဟာ အချုပ်ထဲမှာ နေရလို့ စိတ်ညစ်နေပြီး ရဲမှူးချုပ် တင်ကိုကိုအပေါ်လည်း အာဃာတရှိနေနိုင်တယ်လို့ စွပ်စွဲသွားပါတယ်” ဟု ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က သတင်းထောက်များကို ပြောကြားသည်။

သတင်းသမားနှစ်ဦးအား စာရွက်စာတမ်းများ ပေးအပ်စေပြီးနောက် စောင့်ဆိုင်းဖမ်းဆီးရန် စီစဉ်ခဲ့သူမှာ ရဲမှူးချုပ် တင်ကိုကိုဖြစ်သည်ဟု ဒုရဲမှူး မိုးရန်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သက်သေဖြစ်သူ ဒုရဲမှူး မိုးရန်နိုင်က ရဲရှေ့တွင် ထွက်ဆိုချက်နှင့် တရားရုံးရှေ့ ထွက်ဆိုချက်များ တူညီမှုမရှိဟု တရားလိုရှေ့နေဘက်က တရားရုံးသို့ တင်ပြမှုကိုလည်း ဦးခင်မောင်ဇော်က ငြင်းဆိုခဲ့သည်။

“အဲဒီမှာ ဘာကွဲလွဲတယ်။ ဘယ်နေရာ ကွဲလွဲတယ်ဆိုတာ အတိအလင်း သူတို့ ပြောမသွားဘူး။ သက်သေ မပြနိုင်ဘူး။ နောက်တစ်ခါ လက်ရှိထွက်ချက်ကို သက်သေခံလည်း သွင်းမသွားဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“မိုးရန်နိုင်ရဲ့ ထွက်ဆိုချက်က မတူညီတာ မပါပါဘူး။ အားလုံးတူပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ကြောင့် မယုံကြည်ထိုက်သည့် သက်သေအဖြစ် သတ်မှတ်ပေးရန် တရားရုံးသို့ တရားလိုရှေ့နေက တင်ပြမှုကို ၎င်းတို့က ကန့်ကွက်ထားသည်ဟု ဦးခင်မောင်ဇော်က ပြောသည်။

ထိုသို့ မယုံကြည်ထိုက်သည့် သက်သေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားသည့်ကိစ္စကို လာမည့် မေ ၂ ရက်နေ့တွင် ပြုလုပ်မည့် ရုံးချိန်းတွင် တရားသူကြီးက ဆုံးဖြတ်ပေးမည်ဖြစ်သည်။

သတင်းထောက်နှစ်ဦးအား ထောင်ဖမ်းခဲ့ခြင်းဖြစ်သည်ဟု ဒုရဲမှူး မိုးရန်နိုင်က တရားရုံးတွင် ထွက်ဆိုခဲ့ပြီး နောက်တစ်နေ့တွင် ၎င်း၏ မိသားစုအား နေပြည်တော်ရှိ နေအိမ်လိုင်းခန်းမှ တာဝန်ရှိသူများက ဖယ်ရှားခိုင်းခဲ့သည်။ သို့သော် ထိုသို့ဖယ်ရှားရန် မူလကတည်းက ပြောကြားထားခြင်းဖြစ်ကာ ခေတ္တဆက်လက်နေထိုင်ရန် ခွင့်ပြုထားခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသည်မှာ လေးလခန့်ရှိနေပြီဖြစ်ကာ မိသားစုနှင့်လည်း တွေ့ဆုံခွင့်မရရှိသည့် ဒုတိယရဲမှူးမိုးရန်နိုင်အား မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပြုရန်အပါအဝင် လူ့အခွင့်အရေး ထိခိုက်နစ်နာမှု မရှိစေရန် လိုအပ်သလို ဆောင်ရွက်ပေးရေးအတွက် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ ဧပြီ ၂၃ ရက်နေ့က စာပို့ အကြောင်းကြားထားသည်။

ကိုဝလုံးက ဒုရဲမှူး မိုးရန်နိုင်အား ကျေးဇူးတင်ရှိသည်ဟု တရားရုံးမှ အထွက်တွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး အမှန်တရား မကြာမီ ပေါ်လာမည်ဟုလည်း ဆက်လက်ပြောကြားသွားသည်။

“ကျွန်တော်သည် သတင်းသမားကျင့်ဝတ်ကို လိုက်နာ ကျင့်သုံးပြီးတော့ ကျွန်တော်ရဲ့ လူမှုပတ်ဝန်းကျင်မှာလည်းပဲ ကျွန်တော်မိတ်ဆွေတွေ၊ ကျွန်တော်ရဲ့ မိသားစုတွေ အားလုံးကိုလည်းပဲ အစစ်ဆေးခံနိုင်ပါတယ်။ အမှန်တရား မကြာခင် ပေါ်လာပါလိမ့်မယ်။ ရဲမှူး မိုးရန်နိုင်ကိုလည်းပဲ ကျေးဇူးအများကြီးတင်ပါတယ်။ သူတင်မကဘူး။ အခု ဖမ်းခံထားရတဲ့ ရဲမှူး မိုးရန်နိုင်နဲ့ တပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်းပဲ အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်။ သူတို့က အပြစ်မရှိသူတဲ့တွေပါ။ အမှန်တရား မကြာခင် ပေါ်လာတော့မှာပါ” ဟု ၎င်းက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar