ဒုရဲမှူး မိုးရန်နိုင်ကို ထောင်ဒဏ် ၁ နှစ်ချမှတ်ကာ အင်းစိန်ထောင်သို့ ပို့

ရိုက်တာသတင်းသမားနှစ်ဦးအား ရဲတပ်ဖွဲ့က ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်ကို ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ယနေ့ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ဖမ်းဆီးခံခဲ့ရပြီးနောက် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအား ချိုးဖောက်သည်ဟူသော စွပ်စွဲချက်ကို ရင်ဆိုင်နေရသည့် ရိုက်တာသတင်းသမားနှစ်ဦး၏ အမှုတွင် ဒုရဲမှူး မိုးရန်နိုင်အား တရားလိုသက်သေအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ဧပြီ ၂၀ ရက်နေ့က တရားခွင်တွင် ရိုက်တာသတင်းသမားနှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ထွက်ဆိုခဲ့သည်။ ထို့ပြင် ထိုသို့ဆောင်ရွက်ရန် စေခိုင်းခဲ့သည်ဟူသည့် ရဲအရာရှိကြီး၏ အမည်ကိုလည်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ဒုရဲမှူး မိုးရန်နိုင်မှာလည်း ဒီဇင်ဘာလကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်ကာ မိသားစုနှင့် တွေ့ခွင့်မရရှိခဲ့ပေ။ တရားရုံးတွင် ၎င်းက ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်တစ်ရက်တွင် ၎င်း၏ မိသားစုမှာလည်း နေပြည်တော်ရှိ ရဲတန်းလျားမှ ဖယ်ရှားပေးခဲ့ရသည်။

ဒုရဲမှူး မိုးရန်နိုင်အား ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ခြင်းကို ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီအား ယနေ့ အတည်ပြု ပြောကြားပြီး အဆိုပါ ပြစ်ဒဏ်မှာ တရားရုံးတွင် ၎င်းထွက်ဆိုခဲ့မှု မတိုင်မီကပင် ရင်ဆိုင်နေရသည့် အမှုအတွက် ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရဲတပ်ဖွဲ့သတင်းရင်းမြစ်များ၏ အဆိုအရ ဒုရဲမှူး မိုးရန်နိုင်က တရားရုံးတွင် ထွက်ဆိုချက်မပေးမီကပင် အဆိုပါပြစ်ဒဏ်အား ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရဲတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခွင့်ပြုချက်မရှိပဲ တခြားသူတွေကို ပြောကြားခဲ့တဲ့အတွက် သူ့ကို ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ရဲမှူးကြီး မျိုးသူစိုးက အေအက်ဖ်ပီကို ပြောကြားသည်။

“ရဲစည်းကမ်း အက်ဥပဒေကို ဖောက်ဖျက်ခဲ့ကြောင်း တွေ့ရှိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

၎င်း၏ ခင်ပွန်းဖြစ်သူအား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းကို ၎င်းထံ ဧပြီ ၂၉ ရက်နေ့ညက အကြောင်းကြားခဲ့သည်ဟု ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးဖြစ်သူက ပြောသည်။

ထောင်ဒဏ်တစ်နှစ် ကျခံရန်အတွက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဒေါ်တူးတူးကပြောသည်။

ဒုရဲမှူးမိုးရန်နိုင်က တရားရုံးတွင် ထွက်ဆိုချက်ပေးအပြီး ၂၄ နာရီအတွင်းမှာပင် မိသားစုအား ရဲတန်းလျားမှ ဖယ်ရှားခိုင်းသည့် ဖြစ်ရပ်နှစ်ခုမှာမူ ဆက်နွယ်မှုမရှိဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုခဲ့ပြီး “တိုက်ဆိုင်မှု” သာဖြစ်သည်ဟု ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar