ဒုက္ခသည် ၃၀၀ ကျော် စိစစ်ပြီးဖြစ်၊ ပထမအသုတ် ပြန်လည် လက်ခံမှု မကြာမီ စတင်နိုင်ဖွယ်ရှိ

ဉာဏ်လှိုင်လင်း

မြန်မာနိုင်ငံတွင် အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်ပြီးစီးသည့် လူ ၃၀၀ ကျော်၏ စာရင်းကို ဘင်္ဂလားဒေ့ရ်ှ နိုင်ငံဖက်သို့ ယနေ့ပြန်လည်ပေးပို့မည်ဖြစ်ပြီး ပထမအသုတ် ပြန်လည်လက်ခံရေးအစီအစဉ်ကို မကြာမီ စတင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက Frontier ကိုပြောသည်။

“တစ်ဖက်နိုင်ငံက ဒီလူတွေကို စုစည်းပြီး ပြန်ပို့တဲ့အခါကျရင်တော့ ပြန်လည်လက်ခံရေးအစီအစဉ် စနိုင်ပါလိမ့်မယ်။ ကျွန်တော့်အထင် ဘင်္ဂလားဒေ့ရ်ှဖက်ကလည်း နှစ်ပတ်လောက်တော့ အချိန်ယူရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

၂၀၁၇ ခုအတွင်း ရခိုင်ပြည်နယ်ရှိ လုံခြုံရေးစခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရ်ှဖက်ကို ထွက်ပြေးရောက်ရှိနေကြောင်း နိုင်ငံတကာသတ်မှတ်ထားသည့် လူခုနှစ်သိန်းနီးပါးကို ပြန်လည်စိစစ်လက်ခံနိုင်ရန် နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ငံက စီစဉ်နေခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရ်ှနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅မှ ၁၇ အထိပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအစည်းအဝေးအပြီး ရရှိလာသည့် နေရပ်စွန့်ခွာ အိမ်ထောင်စု ၁,၆၇၃ စု၊ လူဦးရေ ၈,၀၃၂ ဦး၏ စာရင်းကို မြန်မာဖက်က စိစစ်နေခြင်းဖြစ်ပြီး ယနေ့အချိန်အထိ လူ ၃၀၀ ကျော်ကိုသာ စိစစ်ပြီးစီးခြင်းဖြစ်သည်။

“နှစ်နိုင်ငံ သဘောတူစာချုပ်ထဲက ပုံစံအတိုင်းဖြည့်တာမဟုတ်တော့ စိစစ်တဲ့နေရာမှာ အခက်အခဲရှိပါတယ်။ ကြန့် ကြာတာပေ့ါ”ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။ ကြန့်ကြာနေမှုနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကလည်း မတ် ၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်ထဲတွင် ဘင်္ဂလားဒေ့ရ်ှဖက်မှ ပြန်လည်ပေးပို့လာသော စာရင်းများမှာ နှစ်နိုင်ငံမူလသဘောတူထားသည့် ပုံစံ မဟုတ်ဘဲ သီးခြားပုံစံဖြင့်ဖြစ်နေခြင်းကြောင့် အခက်အခဲများစွာကြုံတွေ့နေရသည်ဟု ဆိုသည်။ မိမိဆန္ဒ အလျောက် ပြန်လည်ဝင်ရောက်လာသူ ဟုတ်မဟုတ် မသိနိုင်ခြင်း၊ လက်မှတ်/လက်ဗွေမပါရှိခြင်း၊ ကိုင်ဆောင်ဖူးသော သက်သေခံကတ်ပြားအမှတ်များ မပါရှိခြင်း၊ မြန်မာပြည်တွင်း နေရပ်လိပ်စာဖော်ပြထားမှုမရှိခြင်း၊ ဓာတ်ပုံ အရည်အသွေးမပြည့်မီမှုကြောင့် တိုက်ဆိုင်စစ်ဆေးမရနိုင်ခြင်း စသည့်အချက်များ ပါဝင်သည်။

ယခုအခါ ပထမအသုတ် စိစစ်ပြီးသူများစာရင်းကို ပြန်ပို့ထားပြီး တောင်ပြိုလက်ဝဲ သို့မဟုတ် ငါးခူရ စိစစ်လက်ခံရေးစခန်းများမှတစ်ဆင့် ၎င်းတို့ ပြန်ဝင်လာလျှင် လှဖိုးခေါင်ကြားစခန်း၌ ခေတ္တနေထိုင်စေပြီးနောက် မူလနေရာများတွင် ပြန်လည်နေရာချထားပေးရန် မြန်မာအစိုးရက ပြင်ဆင်ထားသည်။

“သူတို့ဘယ်မှာ နေထိုင်တယ်ဆိုတာသိတာနဲ့ အဲဒီနေရာမှာ အဆောက်အဦး ပြန်ဆောက်ပေးမှာ။ ဒါကြောင့် မြေတွေ ရှင်းထားတာပါ။ ကြားစခန်းမှာလည်း အကြာကြီးမနေရပါဘူး။ သူတို့မူလနေရာက အိမ်ပြန်ဆောက်တဲ့နားမှာ တဲထိုးပေးမယ်”ဟု ဒေါက်တာဝင်းမြတ်အေးက ရှင်းပြသည်။

“သူတို့ကြိုက်တဲ့ပုံစံနဲ့ ဆောက်လို့ရအောင် ပစ္စည်းတွေ ထုတ်ပေးမယ်။ ငွေပေးမယ်။ လုပ်အားခလည်း ပေးမယ်။ UEHRD(လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း)ရဲ့ အလုပ်အဖွဲ့ကလည်း ဝိုင်းကူကြမှာ”ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် ၎င်းတို့ပိုင်ဆိုင်ခဲ့ သည့် လယ်ယာများကို ပြန်ပေးနိုင်ရန် စိစစ်ဆောင်ရွက်ပေးမည်ဟုလည်း ဒေါက်တာဝင်းမြတ်အေးက အသိပေးခဲ့သည်။

ဘင်္ဂလားဒေ့ရ်ှဖက် ရောက်ရှိနေသူများပြန်ရောက်လာလျှင် လုံခြုံရေးစိုးရိမ်ပူပန်ကြောင်း ပြောဆိုနေကြသည့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများအတွက်ကိုလည်း အကောင်းဆုံးစီစဉ်ထားပါကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

“တိုင်းရင်းသားတွေလည်း လုံခြုံရေးကို စိုးရိမ်စရာမလိုပါဘူး။ အခုလုပ်ထားတဲ့ ကျေးရွာနေရာချထားမှုတွေက ဒီကိစ္စကို အဆင်ပြေစေမှာပါ။ ဒါ့အပြင် လမ်းတွေလည်းကောင်းပြီး မီးတွေလည်းလင်းပြီဆိုရင်လုံခြုံရေးက ပိုကောင်းလာမှာပါ”ဟု Frontier ကို ၎င်းက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar