ဒုက္ခသည်များ ပြန်လည်လက်ခံသည့် လုပ်ငန်းစဉ်ကို နှစ်လအတွင်း စတင်မည်

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များအား မြန်မာနိုင်ငံက ပြန်လည်လက်ခံသည့်လုပ်ငန်းကို နှစ်လအတွင်း စတင်မည်ဟု ဘင်္ဂလားဒေရှ့်က ပြောကြားသည်။

“ဒါက အကြိုခြေလှမ်းပါ။ (သူတို့က ရိုဟင်ဂျာတွေကို) ပြန်လည်ခေါ်ယူပါလိမ့်မယ်။ အခု ကျွန်တော်တို့ စတင် လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်” ဟု ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟတ်ဆန် မာမွတ်အလီက နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရေးကို နှစ်လအတွင်း စတင်နိုင်ရန် သဘောတူညီခဲ့ကြပြီး စီစဉ်ဆောင်ရွက်ရန် လုပ်ငန်းကော်မတီကို ရက်သတ္တပတ် သုံးပတ်အတွင်း ဖွဲ့စည်းသွားမည်ဖြစ်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် အလီတို့သည် နေပြည်တော်တွင် နိုဝင်ဘာ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါအစီအစဉ်သည် “၁၉၉၂ ခုနှစ်က ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရတို့အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်တွင် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲ ကြေညာချက်ကို အခြေခံ၍ ရေးဆွဲထားပြီး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကို စနစ်တကျ စိစစ်လက်ခံရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အထွေထွေမူဘောင်များနှင့် မူဝါဒရေးရာ အစီအမံများပါရှိသည်” ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

“ပုံစံတွေကိုဘင်္ဂလားဒေရှ့်က ကျွန်တော်တို့ဆီ ပြန်လည်ပေးပို့ပြီးတာနဲ့ သူတို့ကို အမြန်ဆုံး ပြန်လည်ခေါ်ယူဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးသားထားသည်။ ပြန်လည် လက်ခံခြင်းမပြုမီ ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ထည့်သွင်းပေးရမည့် မှတ်ပုံတင်ပုံစံများကို ဦးမြင့်ကြိုင်က ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းတွင် နယ်ခြားစောင့်ရဲစခန်းများကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်က ဆောင်ရွက်ခဲ့သည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ အိုးအိမ်များစွန့်ခွာပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပြောကြားချက်များအရ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ဒုက္ခသည် ခြောက်သိန်းခန့် ရောက်ရှိနေကြပြီး ၎င်းတို့ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ရန် မြန်မာအစိုးရအပေါ် နိုင်ငံတကာ ဖိအားပေးမှုများ ရှိနေသည်။

“ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများကလည်းကောင်း၊ အိုအိုင်စီအဖွဲ့က လည်းကောင်း၊ နိုင်ငံတကာတွင် ဖိအားပေးကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင်လည်းကောင်း၊ အထွေထွေညီလာခံ၏ တတိယကော်မတီတွင်လည်းကောင်း၊ အဆိုမူကြမ်း ချမှတ်ခဲ့သည့်အပြင် လုံခြုံရေးကောင်စီတွင် သဘာပတိ၏ ထုတ်ပြန်ချက်ဖြင့်လည်းကောင်း ချမှတ်ကာ နိုင်ငံတကာအရေးကိစ္စအဖြစ် ကြိုးပမ်း ဆောင်ရွက်နေပါသည်” ဟု အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများအကြား အရေးကိစ္စပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေး ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမည်ဟု ခိုင်မာစွာ ရပ်တည်ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ယခုကဲ့သို့ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးမှုကို အခြေခံကာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မည့် ရလဒ်ကို ရယူခဲ့ခြင်းဖြင့် မိမိ၏ ဆုပ်ကိုင်ထားသော ရပ်တည်ချက်အပေါ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar