မြတ်ကျော်သူ
ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာချိန်တွင် မစိစစ်ရသေးသူများ အတူပါဝင်လာပါက ၎င်းတို့အား အရေးယူသွားမည်ဟု မောင်တောဒေသ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“စိစစ်ပြီးတဲ့လူမဟုတ်ဘဲ ပါလာမယ်ဆိုရင် ကျွန်တော်တို့ လက်မခံပါဘူး။ တဖက်နိုင်ငံသားဆိုရင်တော့ ကျွန်တော်တို့က သူတို့ ပြန်ခေါ်သွားမလား။ ဒါမှမဟုတ် ကျွန်တော်တို့ဖက်ကို ကျော်လာရင်လည်း သက်ဆိုင်ရာဥပဒေနဲ့ အရေးယူလို့ရပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ်လနှောင်းပိုင်းက စတင်ကာ တဖက်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် ဒုက္ခသည်များအား ပြန်လည်ခေါ်ယူရာတွင် မြန်မာနိုင်ငံမှဖြစ်ကြောင်း စနစ်တကျ စိစစ်ပြီးမှ ပြန်လည်လက်ခံသွားမည်ဟု မြန်မာအစိုးရက ပြောကြားထားသည်။
ဒုက္ခသည်များ ပြန်လည်လက်ခံရေး လုပ်ငန်းများကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် စတင်ရန် စီစဉ်ထားခဲ့သော်လည်း ပြင်ဆင်မှုများ မပြီးပြတ်သေးသောကြောင့် ဒုက္ခသည်များပြန်လာရေး နှောင့်နှေးနေဦးမည်ဟု ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်က ပြောကြားခဲ့သည်။
သို့သော် ထိုသို့ နှောင့်နှေးမည်အခြေအနေနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်က မြန်မာအစိုးရထံ တရားဝင် အကြောင်းကြားမှု မရှိသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
မောင်တောဒေသတွင် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် စီစဉ်ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများမှာလည်း ဒုက္ခသည်များ မည်သည့်အချိန် ပြန်လည်ဝင်ရောက်လာမည်ကို မသိရှိကြသေးပေ။
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထူးက “အထက်က ကိစ္စတွေကိုတော့ ကျွန်တော်တို့ သိပ်မသိဘူး။ ကျွန်တော်တို့က အမိန့်စောင့်နေရုံပဲ” ဟု ပြောကြားသည်။
ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် ယာယီစခန်းများကို တည်ဆောက်လျက်ရှိရာ နယ်စပ်တံတားကိုဖြတ်ပြီး ကုန်းလမ်းမှ ပြန်လည် ဝင်ရောက်လာသူများအား လက်ခံစိစစ်မည့် တောင်ပြိုလက်ဝဲရှိ ယာယီစခန်းသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီ ၂၄ ရက်နေ့တွင် သွားရောက်ခဲ့သည်။ နယ်မြစ်ကိုဖြတ်ကာ ရေလမ်းမှ ဝင်ရောက်လာသူများကိုမူ ငါးခူရကျေးရွာရှိ ယာယီစခန်းတွင် စိစစ်ထားရှိသွားရန် စီစဉ်ထားသည်။
ပြန်လည်ဝင်ရောက်လာသူများကို အဆိုပါစခန်းများတွင် ယာယီထားရှိကာ စိစစ်မှုများ ပြုလုပ်သွားရန် အစိုးရက စီစဉ်ထားသည်။ ထို့နောက် ၎င်းတို့အား လှဖိုးခေါင်နှင့် အိုးထိန်းတို့ရှိ စခန်းများတွင် မူဆလင်များနှင့် ဟိန္ဒိူများအား သီးခြားစီ ထားရှိမည်ဖြစ်သည်။
img_2953.jpg
title=
“ဒီလူတွေ အားလုံးကို Biomertic နည်းနဲ့အပြင် NVC (National Verification Card) နဲ့ ပါ တိုက်ဆိုင် စိစစ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့စက်တွေ၊ စာရွက်စာတမ်းတွေ အကုန်ယူလာပါတယ်” ဟု ဦးကိုကိုသော်က ပြောကြားသည်။
အဆိုပါ စခန်းများ တည်ဆောက်နေသည့် နေရာသို့ Frontier က ရောက်ရှိခဲ့ချိန်တွင် တောင်ပြိုလက်ဝဲရှိစခန်းတွင် အဆင်သင့်ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ သို့သော် လှဖိုးခေါင်နှင့် အိုးထိန်းတို့ရှိ အဓိကစခန်းများကို တည်ဆောက်နေဆဲဖြစ်သည်။ မြန်မာအစိုးရ၏ အစောပိုင်းထုတ်ပြန်ထားချက်များအရ လှဖိုးခေါင်စခန်းတွင် အဆောက်အဦး ၆၂၅ လုံး တည်ထောက်မည်ဖြစ်ကာ လူဦးရေ ၃၀,၀၀၀ အထိနေထိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခုလအကုန်တွင် အဆောက်အဦး ၁၄၀ တည်ဆောက်ပြီးစီးမည်ဖြစ်ကာ အဆောက်အဦးတစ်ခုတွင် လူ ၈၀ ဦး နေထိုင်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ စခန်းများအား ဆက်လက်တည်ဆောက်နေဆဲဖြစ်သော်လည်း မြန်မာအစိုးရကမူ ဒုက္ခသည်များအား ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသည်။