ဒုက္ခသည်များကို ပြန်ခေါ်ရန် ဘင်္ဂလားဒေရှ့်က မြန်မာကို တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၅

ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိနေကြသည့် ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေရှ့်က မြန်မာနိုင်ငံကို တောင်းဆိုလိုက်ကြောင်း ဘင်္ဂလားဒေရှ့်သတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာတို့ ဒါကာမြို့တွင် ဇူလိုင် ၄ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။

“ဘင်္ဂလားဒေရှ့်မှာ တရားဝင် မှတ်ပုံတင်ထားတဲ့ ရိုဟင်ဂျာ ၃၀,၀၀၀ လောက်ပဲရှိပေမယ့် မြန်မာနိုင်ငံက ဒုက္ခသည် ၄၀၀,၀၀၀ လောက် ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေကြပါတယ်” ဟု ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ဦးသောင်းထွန်းကို ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ရေးအတွင်းဝန်ဖြစ်သူက ပြောကြားသည်။

“အိမ်နီးချင်းနိုင်ငံတွေကြားမှာ ပြဿနာတွေရှိတာ သဘာဝပါပဲ။ ဒါပေမယ့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ပြဿနာတွေကို ကျွန်မတို့ ဖြေရှင်းနိုင်ပါတယ်” ဟု ဝန်ကြီးချုပ်က တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြား၍ ဘင်္လားဒေ့ရှ်နိုင်ငံဘက်သို့ မြန်မာဘက်မှ ထွက်ပြေးလာသည်ဆိုသူများအား ပြန်လည် လက်ခံရေးအတွက် မေတ္တာရပ်ခံခဲ့သည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က မြန်မာနိုင်ငံတွင် National Verification (နိုင်ငံသားစိစစ်ရေး) လုပ်ငန်းစဉ် အစီအစဉ်ကို ဆောင်ရွက်နေကြောင်း၊ အဆိုပါ လုပ်ငန်းစဉ် ဦးစွာ အောင်မြင်စွာ ဆောင်ရွက်ရန် အရေးကြီးကြောင်းကို ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

တရားမဝင် ခန့်မှန်းချက်များအရ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် ရိုဟင်ဂျာဦးရေ ၅၀၀,၀၀၀ ခန့်အထိ ခိုလှုံနေကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်အောက်တိုဘာလက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများအပြီးတွင် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ လူပေါင်း ၅၀,၀၀၀ ခန့်အထိ ဝင်ရောက်လာခဲ့သည်ဟုလည်း ဘင်္ဂလားဒေရှ့်အစိုးရက ပြောကြားသည်။

ထိုသို့ ထွက်ပြေးလာသည်ဆိုသူများကို ပြန်လည်ခေါ်ဆောင်ရန် ဘင်္ဂလားဒေရှ့်က မြန်မာနိုင်ငံကို အစဉ်တစိုက် တောင်းဆိုလေ့ရှိပြီး မြန်မာအစိုးရကလည်း လက်ခံရန် ငြင်းဆိုလေ့ရှိသည်။

ဦးသောင်းထွန်းနှင့် ဘင်္ဂလားဒေရှ့်တာဝန်ရှိသူများ တွေ့ဆုံစဉ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးများကိုလည်း ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့ နယ်မြေကို အသုံးပြုပြီး၊ အခြားနိုင်ငံတစ်နိုင်ငံကို ဆန့်ကျင်သော မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ၎င်းတို့မြေပေါ်တွင် လက်မခံသည့်မူကို ကျင့်သုံးပါကြောင်းနှင့် မည်သည့် ခွဲထွက်ရေးကိုမျှ လက်မခံကြောင်း ဘင်္ဂလားဒေရှ့်က ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar