ဒုက္ခသည်ပြန်ပို့မှု နှောင့်နှေးခြင်းအတွက် မြန်မာက ဘင်္ဂလားဒေရှ့်ကို အပြစ်တင်

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က နှောင့်နှေးနေခြင်းဖြစ်သည်ဟု မြန်မာတာဝန်ရှိသူများက ပြောကြားသည်။

“မြန်မာနိုင်ငံဘက်ကတော့ ပြင်ဆင်မှုတွေ ပြီးစီးသွားပြီဖြစ်ပြီး နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေကို လက်ခံဖို့ အဆင်သင့်ရှိနေပြီလို့ ထပ်မံပြောကြားလိုပါတယ်။ နှစ်နိုင်ငံအကြား သဘောတူညီချက်နဲ့အညီ သူတို့ကို ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဇန်နဝါရီ ၂၃ ရက်မှာ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေကို နေရပ်ပြန်လည် ပို့ဆောင်မှု စတင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အချိန်လိုတယ်လို့ ကြားသိရပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထိုကဲ့သို့ နှောင့်နှေးမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်မှ တရားဝင် အကြောင်းကြားမှုလည်း မရှိသေးဟု ၎င်းက ဆက်လက်ပြောကြားသည်။

သြဂုတ် ၂၅ ရက်နေ့နောက်ပိုင်းက စတင်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးရောက်ရှိနေသည့် မူဆလင်ဒုက္ခသည် ၆၅၅,၀၀၀ ကျော်အား ပြန်လည်ခေါ်ယူရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ နိုဝင်ဘာလတွင် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ သဘောတူညီမှုအရ နှစ်နိုင်ငံ တာဝန်ရှိများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ပြန်လာသူများအား စတင်လက်ခံမည်ဟု မြန်မာအစိုးရက ပြောကြားခဲ့သည်။

သို့သော် ပြင်ဆင်မှုလုပ်ငန်းများ မပြီးစီးသေးသည့်အတွက် ပြန်လာမည့်သူမျာအား စေလွှတ်နိုင်ရေး နှောင့်နှေးနေဦးမည်ဟု ဘင်္ဂလားဒေရှ့်အစိုးရက ဇန်နဝါရီ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဘက်ကတော့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရဒေသတွေမှာ နေရပ်စွန့်ခွာ တိမ်းရှောင်သူ ပြန်လည်လက်ခံရေး အဖွဲ့တွေ ရှိနေပြီဖြစ်ပါတယ်။ အခြားဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒီနေရပ် စွန့်ခွာ တိမ်းရှောင်သူတွေကို မြန်မာနိုင်ငံဘက် ပြန်လည် ပို့ဆောင်ရင် လက်ခံဖို့ နယ်စပ်မှာ အဆင်သင့် ရောက်ရှိနေပြီဖြစ်ပါတယ်” ဟု ဦးကျော်တင်က ဆက်လက်ပြောကြားသည်။

ထိုသို့ လက်ခံရာတွင် တစ်နေ့လျှင် လူ ၃၀၀ ပြန်လည်လက်ခံရန် ပြင်ဆင်ထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

လက်ခံမည့်အရေအတွက်ကို ပထမအသုတ် ပြန်လည်လက်ခံဆောင်ရွက်မှု တိုးတက်မှု အခြေအနေအပေါ် အခြေခံကာ တိုးမြှင့်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြန်လည်လက်ခံရေး ဌာနတစ်ခုတွင် တစ်နေ့လျှင် ၁၅၀ ဦးနှုန်းဖြင့် ဌာနနှစ်ခုမှ တစ်နေ့ ၃၀၀ ဦးထိ လက်ခံသွားမည် ဖြစ်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို သုံးလအတွင်း ပြန်လည်သုံးသပ်သွားမည်ဟု ဦးသောင်းထွန်းက ပြောကြားသည်။

ပြန်လည်ရောက်ရှိလာသူများအား တောင်ပြိုလက်ဝဲ စိစစ် ပြန်လည် လက်ခံရေးစခန်းနှင့် ငခူရစိစစ် ပြန်လည်လက်ခံရေး စခန်းတို့မှ စိစစ်ပြန်လည်လက်ခံသွားမည်ဖြစ်သည်။ ထို့မှတစ်ဆင့် ၎င်းတို့ မူလနေထိုင်ခဲ့သည့် နေရပ်များသို့ ပြန်လည်မပို့မီ လှဖိုးခေါင်ကြားစခန်းတွင်ထားရှိသွားရန် အစိုးရက စီစဉ်ထားသည်။

“ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ပထမလျာထားချက်က နှစ်နှစ်ဖြစ်ပါတယ်၊ အခြေအနေအရ နှစ်နှစ်ထက်လည်း စောပြီးတော့ ပြီးချင်လည်း ပြီးနိုင်တယ်၊ ပိုလည်းကြာနိုင်တယ်၊ သတ်မှတ်ထားတာတော့ နှစ်နှစ်အတွင်းမှာဆိုတာ သတ်မှတ်ထားပါတယ်။ လက်ခံမယ့်သူ စုစုပေါင်းအရေအတွက်ကို မသတ်မှတ်ပါဘူး။ တကယ်လို့ မူနဲ့ကိုက်ညီတယ်။ ပြန်လာဖို့ အရည်အချင်းနဲ့ ပြည့်စုံတယ်၊ ကျွန်တော်တို့ လက်ခံနိုင်တဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံရင်ရပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar