ဒုက္ခသည်ငါးဦး ပထမဆုံး ပြန်လည် ဝင်ရောက်လာဟု အစိုးရ ပြောကြား

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေကြသည့် ဒုက္ခသည်ခုနစ်သိန်းကျော်အား ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ် နှောင့်နှေးနေစဉ်မှာပင် ပြန်လည်ဝင်ရောက်လာသည့် ဒုက္ခသည်ငါးဦးအား ဧပြီ ၁၄ ရက်နေ့က ပြန်လည်လက်ခံခဲ့သည်ဟု မြန်မာအစိုးရက ကြေညာခဲ့သည်။

၎င်းတို့သည် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့အကြား သဘောတူညီချက် ရရှိပြီးနောက်ပိုင်း ပထမဆုံး ပြန်လည် ဝင်ရောက်လာကြသူများ ဖြစ်သည်။

ဒုက္ခသည်များ ပြန်လည်လက်ခံရန် ဖွင့်လှစ်ထားသည့် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိလာသူများသည် မိသားစုဝင်ငါးဦးဖြစ်သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းတို့သည် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်ကြောင့် နေရပ်စွန့်ခွာသွားခဲ့ကြသူများဖြစ်ကာ “အစ္စလာမ်ဘာသာဝင်” ဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ဘင်္ဂလားဒေရှ့်ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးဖြစ်သူ Mohammad Abul Kalam က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားချက်အရ အဆိုပါမိသားစုသည် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းပေါ်တွင် အခြေချထားသည့် စခန်းတွင် နေထိုင်ခဲ့ကြသူများဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လက စတင်ကာ ထွက်ပြေးခဲ့ကြသူများအနက် ဒုက္ခသည်ထောင်ပေါင်းများစွာမှာ အဆိုပါနယ်နိမိတ်မျဉ်းပေါ်တွင် စခန်းချနေထိုင်နေကြသည်။

“သူတို့က ကျွန်တော်တို့ အုပ်ချုပ်မှုအောက်မှာ မရှိကြပါဘူး။ ဒါကြောင့် (မြန်မာနိုင်ငံကို) ပြန်မယ့်သူတွေ ထပ်မံရှိနေသေးလားဆိုတာကို ကျွန်တော်တို့ အတည်ပြုနိုင်ခြင်းမရှိပါဘူး” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။

အဆိုပါစခန်းတွေရှိနေသည့် ခေါင်းဆောင်တစ်ဦးကလည်း ထိုမိသားစု မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သွားမှုကို အတည်ပြုခဲ့သည်။

၎င်းတို့အား နိုင်ငံသားစိစစ်ပြီးနောက် NV(National Verification) ကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကာ အဝတ်အထည်နှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်ဟုလည်း မြန်မာအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းမိသားစုဝင်ငါးဦးအား မောင်တောမြို့ပေါ်ရှိ ဆွေမျိုးနေအိမ်သို့ ယာယီနေရာချထား ပို့ဆောင် ပေးထားသည်ဟုလည်း ဆိုသည်။

မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအကြား သဘောတူညီထားချက်အရ ဒုက္ခသည်များကို ဇန်နဝါရီလတွင် စတင်ပြန်လည်ခေါ်ယူမည်ဟု မြန်မာအစိုးရက ပြောကြားခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ ပြန်လည်ခေါ်ယူနိုင်ခြင်းမရှိပဲ ကြန့်ကြာနေခဲ့ရသည်။ ထိုသို့ ကြန့်ကြာနေမှုမှာ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းကြောင့်ဟုဆိုကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန်အပြစ်ဖို့နေကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar