ဒီမိုကရေစီ ခိုင်မာရေးအတွက် အခြေခံဥပဒေက စံချိန်စံညွှန်းနှင့် ပြည့်စုံရန် လိုအပ်- ဦးဖြိုးမင်းသိန်း

မြန်မာနိုင်ငံသည် ဒီမိုကရေစီပန်းတိုင်သို့ ကြိုးစား သွားနေဆဲဖြစ်ကာ ဒီမိုကရေစီ ခိုင်မာရေးအတွက် အခြေခံဥပဒေက ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ပြည့်စုံရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

“ကျွန်တော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် လွတ်လပ် တရားမျှတတဲ့ ဒီမိုကရေစီတစ်ခု ဖြစ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ အခြေခံဥပဒေဟာ ပြည်သူတစ်ရပ်လုံးက လက်ခံနိုင်တဲ့ ဒီမိုကရေစီ စံချိန်စံညွန်းနဲ့ ပြည့်နေတဲ့ ဖွဲ့စည်းပုံ ဖြစ်ရပါမယ်” ဟု ၎င်းက ရန်ကုန်မြို့တွင် စက်တင်ဘာ ၁၅ ရက်နေ့က ကျင်းပသည့် ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောကြားသည်။

“ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီအတွက် အသက်၊ ဘဝများစွာကို ထောင်နံရံတွေကြားမှာ ပေးရင်း ရုန်းကန်လာတာ ဆယ်စုနှစ် သုံးခုနီးပါး ရှိခဲ့ပါပြီ။ အဲဒီရုန်းကန်မှုတွေနဲ့အတူ ကျွန်တော်တို့ ဒီမိုကရေစီရဖို့ ကြိုးစားခဲ့ကြတယ်။ အခုတော့ ဆယ်စုနှစ် သုံးခုကြာပြီးတော့ ကျွန်တော်တို့ ဒီ်မိုကရေစီရောင်နီကို မြင်တွေ့ခဲ့ရပြီးပြီ။ ဒါပေမယ့် အခုချိန်ထိ ကျွန်တော်တို့ ဒီမိုကရေစီပန်းတိုင်ကို ကြိုးစားသွားနေဆဲပဲ ဖြစ်ပါတယ်။ ဒါက လူတွေရဲ့ မှတ်ချက်ပြုနေတဲ့ နောက်ကြောင်းပြန် လှည့်သွားနိုင်တယ်ဆိုတဲ့အပေါ် မူတည်လို့ ကျွန်တော်တို့ အားလုံး နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးကို မူတည်ကာ ရုန်းကန်လှုပ်ရှားနေကြတဲ့ ကာလတစ်ခုသာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက အခမ်းအနား တက်ရောက်လာသူ ၂၀၀ ခန့်အား ပြောကြားသည်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ယခင် စစ်အစိုးရက ရေးဆွဲခဲ့ခြင်းဖြစ်ကာ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် မကိုက်ညီဟု ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံထားရသည်။ အခြေခံဥပဒေက လွှတ်တော်များတွင် ကိုယ်စားလှယ်ဦးရေ၏ ၂၅ ရာခိုင်နှုန်းအား တပ်မတော်အတွက် ပေးထားသလို အဓိကကျသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် ဝန်ကြီးများကိုလည်း ကာကွယ်ရေးဦးစီးချုပ်က အဆိုပြု ခန့်အပ်ခွင့် ပြုထားသည်။ ထို့ပြင် အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု အစိုးရတွင်သာ အပ်နှင်းထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအား အာဏာခွဲဝေမှုမရှိဟု ဝေဖန်မှုများလည်း ရှိနေသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြင်ဆင်လိုလျှင် လွှတ်တော်များအတွင်းရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးထားသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ သဘောတူညီချက်ကို ရယူနိုင်ရမည်ဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ထိန်းချုပ်ထားနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့၏ ရွေးကောက်ပွဲ ကြွေးကြော်သံများတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟူ၍ ထည့်သွင်းမဲဆွယ်ခဲ့သည်။

သို့သော် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ ကြီးစိုးထားသည့် လွှတ်တော်များက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အစောတလျင် ဆောင်ရွက်ဦးမည်မဟုတ်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဇွန်လအတွင်းတွင် ပြောကြားခဲ့သည်။

တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ လေးစားမှုနှင့် အပြန်အလှန်နားလည်မှု ရှိသည့် အချိန်ရောက်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်၍ လက်ရှိအချိန်တွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်နေသည်ဟု ၎င်းကပြောကြားခဲ့သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆောင်ပုဒ်တစ်ခုဖြစ်သော ဒီမိုကရေစီနှင့် အမျိုးသားရင်ကြားစေ့ရေးမှာ ၎င်း၏ အမြင်အရ အလွန်အရေးကြီးကြောင်းနှင့် ၎င်းအနေဖြင့် ထိုဆောင်ပုဒ်အတိုင်း ယုံကြည်ထားကြောင်း အဆိုပါ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပြောကြားသွားသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar