ဒီမိုကရေစီ၏ အနှစ်သာရများက အကြမ်းဖက်အဖွဲ့များအတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနေဟု ဗိုလ်ချုပ်မှူးကြီး ပြော

ဒီမိုကရေစီ၏ အနှစ်သာရများက အကြမ်းဖက်အဖွဲ့အစည်းများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ရပ်အား ဖန်တီးပေးနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး၌ ပြောကြားသည်။

“ယနေ့ခေတ် ကာလတွင် ဒီမိုကရေစီ၏အနှစ်သာရများဖြစ်သော လွတ်လပ်စွာစုဖွဲ့ နိုင်ခြင်း၊ လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း၊ ပုဂ္ဂိုလ်ရေးကိစ္စရပ်များအား လျှို့ဝှက်ထားခွင့်ရှိခြင်း၊ သတင်း မီဒီယာလွတ်လပ်ခွင့်ရှိခြင်း စသည့် အချက်များကြောင့် အကြမ်းဖက်အဖွဲ့ အစည်းများသည် ၎င်းတို့၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်ဆောင်ရန်အတွက် ပတ်ဝန်းကျင်ကောင်းတစ်ရပ်အား ဖန်တီးပေးနေသည့် အနေအထားအဖြစ် ဖြစ်ပေါ်နေစေကြောင်း” မတ် ၈ ရက်နေ့က ထိုင်းနိုင်ငံကျင်းပသည့် အစည်းအဝေး၌ ၎င်းက ပြောကြားခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လက်ရှိရင်ဆိုင်နေရသော စစ်သွေးကြွများ၏ စိန်ခေါ်မှုများသည် ဘာသာရေးအစွန်းရောက်မှုများ အပေါ် အခြေခံကြောင်းနှင့် ထိုကဲ့သို့သော ဘာသာရေးအစွန်းရောက်မှုများအပေါ် အစိုးရများအနေဖြင့် တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းမည်ဆိုပါက ဒီမိုကရေစီသဘောတရားများအပေါ် ချိုးဖောက်မှုအဖြစ် နိုင်ငံတကာက ဝိုင်းဝန်း ဖိအားပေးခြင်းနှင့် လူ့အခွင့်အရေးဗန်းပြကာ အကြမ်းဖက်အဖွဲ့အစည်းများက အစိုးရအပေါ် အကျပ်ကိုင်လာခြင်းတို့ကို ရင်ဆိုင်ရလာနိုင်သည်ဟုလည်း ၎င်းက ပြောကြားသည်။

ထို့ပြင် လူဦးရေပေါက်ကွဲမှုမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကြောင့် မူလနေထိုင်သည့် လူ့အဖွဲ့အစည်းနှင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်အသီးသီးတွင် ထိပ်တိုက် တွေ့ဆုံမှုများဖြစ်ပေါ်ကာ မူလနေထိုင်သည့် လူ့အဖွဲ့အစည်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းများသည် နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေး အစရှိသည့် စေ့ဆော်မှုများအနက် တစ်ခုခုနှင့် ဆက်စပ်ပတ်သက်လျက်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အစွန်းရောက်အတွေး အခေါ်အယူအဆများနှင့် လုပ်ဆောင်ချက်များအား ရပ်တန့်ရန် မဖြစ်နိုင်သေးသော်လည်း အဆိုပါ အစွန်းရောက် အဖွဲ့များမှ လုပ်ကိုင်လျက်ရှိသည့် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်ချိမှုများအား သက်ဆိုင်ရာ အစိုးရ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများနှင့် အကြမ်းဖက်မှု တန်ပြန် နှိမ်နင်းရေးအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်၍ တုံ့ပြန်ဖြေရှင်းသွားရန် လိုအပ်မည်ဟုလည်း ၎င်းက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar