ဒီမိုကရေစီပြောင်းလဲမှုများ ထင်သလောက် ခရီးမပေါက်သေးဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

တိုင်းပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ ထင်သလောက် ခရီးမရောက်သေးဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

“အုပ်ချုပ်ရေးပိုင်း ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပီပြင်မှုရှိအောင် လုပ်ဆောင်နေရဆဲဖြစ်ကြောင်း၊ သို့ဖြစ်၍ ပထမ ငါးနှစ်သက်တမ်းကာလ၊ ဒုတိယသက်တမ်း ပထမနှစ်ကာလတိုင်အောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ထင်သလောက ်ခရီးမပေါက်သေးသည်ကို တွေ့မြင်ရကြောင်း” ယခုလ ၂၇ ရက်နေ့က တပ်မတော် အရာရှိကြီးများနှင့် တွေ့ဆုံအမှာစကား ပြောကြားရာတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့ရာ ပထမသက်တမ်းကာလ ရွေးချယ်ခံ အစိုးရအနေဖြင့် တပ်မတော်အစိုးရ အုပ်ချုပ်မှုပုံစံ ပြောင်းလဲရခြင်း၊ ဒီမိုကရေစီ အတွေ့အကြုံမရှိခြင်း၊ နိုင်ငံတွင် ဒီမိုကရေစီ ရင့်ကျက်မှုမရှိသေးခြင်းတို့ကြောင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများတွင် အခက်အခဲများစွာ တွေ့ခဲ့ရသည်ဟု ၎င်းကပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့်မူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ၊ တည်တည်ငြိမ်ငြိမ် ဖြစ်စေလိုကြောင်း၊ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တပ်မတော်က အားသွန်ခွန်စိုက်ကူညီပေးရန်နှင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

သို့သော် ပါတီစုံ ဒီမိုကရေစီခေတ်တွင် ရွေးချယ်ခံအစိုးရများ အနေဖြင့် မိမိပါတီ၏ မူဝါဒ၊ ရပ်တည်ချက်၊ ဦးဆောင်မှု၊ လုပ်ဆောင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီး ယင်းအချက်များမအောင်မြင်ပါက ပြည်သူက လက်ခံမည်မဟုတ်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရမည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြောကြားခဲ့ကာ နိုင်ငံတော်၏ အကျိုးစီးပွားများနှင့် မြေပေါ်မြေအောက် သယံဇာတများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ဟုလည်း ဆိုသည်။

ထို့ပြင် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေစိုးမိုးမှုမရှိသည့် နေရာများ၊ လုံခြုံမှုအားနည်းသော နေရာများတွင် တပ်မတော်က ပါဝင်လုပ်ဆောင်ရသည်ဟုလည်း ဆိုသည်။

တပ်မတော်က ဖမ်းဆီးခဲ့သည့် တရားမဝင်သစ်များ၊ ကျောက်စိမ်းများနှင့် မူးယစ်ဆေးဝါးများ၏ စာရင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်ကို တွေ့ရသည်။

၂၀၁၆ ခုနှစ် တစ်နှစ်အတွင်းမှာပင် တပ်မတော်က တရားမဝင် သစ် ၈၅၄၂ ဒသမ ၃၈ တန်၊ တရားခံ ၃၉၄ ဦး၊ ယာဉ် ၂၆၆ စီး၊ ယန္တရား ၂၄ စီး၊ သစ်စက် ၂၃ ခုနှင့် ချိန်းဆောများ၊ စက်သုံးဆီများ ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဦးစီးဌာန၏ တွက်ချက်မှုအရ တန်ဖိုးကျပ်သိန်းပေါင်း ၄၆,၅၈၀ ခန့်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း ကျောက်စိမ်း ၁၃ ဒသမ ၇၅၈ တန် ဖမ်းဆီးခဲ့ကာ ယခုနှစ် ဖေဖော်ဝါရီလ အတွင်းတွင် ဖားကန့်ဒေသမှ ကျောက်စိမ်း ၂၃ ဒသမ ၈၀၂ တန်အား ဖမ်းဆီးခဲ့သည်ဟုလည်း ဆိုသည်။

မူးယစ်ဆေးဝါးအနေဖြင့်လည်း ၂၀၁၆ ခုနှစ်အတွင်း ဘိန်းဖြူ ၁၆၃၃ ဒသမ ၃၆၈ ကီလိုဂရမ်၊ ဘိန်းစိမ်း ၃၇၂ ဒသမ ၂၉၇ ကီလိုဂရမ်၊ ဘိန်းမည်း ၁၀ ဒသမ ၄၅၈ ကီလိုဂရမ်၊ ဆေးခြောက် ၆၅၃ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၃,၅၃၄,၄၇၀ ပြား တန်ဖိုးအားဖြင့် ကျပ်ငွေ ၁၆၃ ဒသမ ၆၃ ဘီလျံကျော်ဖိုးကို တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar