ဒီမိုကရေစီခရီးကို အတည်ငြိမ်ဆုံး လျှောက်လှမ်းနိုင်ခဲ့သည်ဟု သမ္မတပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

၂၁ ရာစု အတွင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုဖော်ဆောင်ခဲ့သည့် နိုင်ငံများအကြားတွင် မြန်မာနိုင်ငံကိုအလားအလာ အကောင်းဆုံးနှင့် အတည်ငြိမ်ဆုံး ဒီမိုကရေစီ ရှေ့ခရီးကို ဆက်လျှောက်နေသည့် နိုင်ငံအဖြစ် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။

ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ၂ဝ၁၆ ခုနှစ်၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနား၌ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ အစိုးရသက်တမ်းမှာ မကြာခင် ပြီးဆုံးတော့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်၊ ဧပြီ ၁ ရက်နေ့က စတင်တာဝန်ယူခဲ့သည့် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့၏ သက်တမ်းသည် လာမည့် မတ် ၃၁ ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်ကာ ရွေးကောက်ပွဲတွင် အများစုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ထံ တာဝန်လွှဲပြောင်းပေးရတော့မည် ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ် အတွင်း ရရှိခဲ့သော အောင်မြင်မှုများကို ပိုပြီးအခြေခိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သလို ကျန်နေသေးသော လုပ်ငန်းစဉ်များကို ပြီးပြတ်အောင်နှင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ရဦးမည် ဖြစ်သည်ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။

အစိုးရ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများအားလုံး ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီ ကျင့်စဉ်များနှင့် အလှမ်းဝေးသည့် အခြေအနေမှ မြန်မာနိုင်ငံ၏ မွေးဖွားစ ဒီမိုကရေစီစနစ်ကို ရင့်ကျက်ဖွံ့ဖြိုးလာအောင် ၎င်းတို့ ကြိုးစား တည်ဆောက်ခဲ့ရကြောင်းနှင့် စိန်ခေါ်မှုများ၊ အကျပ်အတည်းများ၊ အတွေ့အကြုံ လိုအပ်မှုများကြားမှ ဒီမိုကရေစီကို ရှေးရှုသည့် အပြောင်းအလဲများ အတိုင်းအတာ တစ်ခုအထိ ရရှိလာသည်မှာ ကြီးမားသော အောင်မြင်မှုပင် ဖြစ်ကြောင်းလည်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

ဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အနည်းငယ်သာ အနိုင်ရရှိခဲ့သည့်အတွက် လွှတ်တော်တွင်း ဦးဆောင်နိုင်သည့် အနေအထားမရှိတော့ပဲ အများစု အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ကို ဦးဆောင် ဖွဲ့စည်းတော့မည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်သစ်များ တက်ရောက်နေသည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကျင်းပနေပြီဖြစ်သည်။

သို့သော် အစိုးရသစ်ဖွဲ့စည်းရေးအတွက် အရေးအပါဆုံးဖြစ်သည့် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်ရေးလုပ်ငန်းကိုမူ မတ် ၁၇ ရက်တွင်မှ စတင်လုပ်ဆောင်သွားမည်ဟု ဖေဖော်ဝါရီ ၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။

“သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယ သမ္မတတစ်ဦးစီ ရွေးချယ်တင်မြောက်ပြီးပါက သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်ခံရသည့် ဒုတိယသမ္မတ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြရမှာ ဖြစ်ပါတယ်။ အလားတူ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က တာဝန်ပေးအပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကလည်း ရွေးချယ်ထားတဲ့ ဒုတိယသမ္မတ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်က အဆိုပါ ဒုတိယသမ္မတလောင်း သုံးဦးထဲမှ တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်ခန့်အပ်မည်ဖြစ်ပြီး ကျန်နှစ်ဦးက ဒုတိယသမ္မတများ ဖြစ်လာမည်ဖြစ်သည်။

သတင်း- ဆန်းဦး နှင့် စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar