ဒီမိုကရေစီကို ဟန့်တားနှောက်ယှက်သူများအား မရွေးမိဖို့ ဦးဝင်းမြင့်တိုက်တွန်း

ရန်ကုန်၊ မတ် ၂

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီကို ဟန့်တားနှောင့်ယှက်နိုင်သူများအား မရွေးချယ်မိဖို့ လိုအပ်နေသေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်သူ ဦးဝင်းမြင့်က ယနေ့ မဲဆွယ်စည်းရုံးဟောပြောပွဲ၌ ပြောကြားသည်။

အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်များ၏ မဲဆွယ်စည်းရုံးဟောပြောပွဲကို မတ်လ ၂ ရက်က ရန်ကုန်မြို့ဒဂုံဆိပ်ကမ်း မြို့နယ်၊ လစ်လပ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ စတင်ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါဟောပြောပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် စီဘလောက်ဘောလုံးကွင်းတွင် မနက် ၉ နာရီက ကျင်းပခဲ့သည်။

“ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်တွင်း ခိုင်မာမှရမယ်။ အခုတောင် လွှတ်တော်ထဲမှာ မဲခဏခဏ ခွဲနေရတယ်။ ဒီမိုကရေစီအင်အားစုတွေ တောင့်တင်းမှ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တန်းတူအခွင့်အရေး ရမယ်။ ဒီလိုမှမဟုတ်ရင် ပန်းတိုင်ကို တုံ့ဆိုင်းတုံ့ဆိုင်း သွားနေရမယ်။ ဒီမိုကရေစီကို ဟန့်တား နှောက်ယှက်မယ့်သူတွေ မပါဖို့ အထူးကြိုးစားပေးကြပါ” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ဒဂုံဆိပ်ကမ်းအပါအဝင် လစ်လပ်နေရာ ၁၉ နေရာတွင် ကျင်းပမည်ဖြစ်သည်။

မဲဆွယ်ဟောပြောပွဲသို့ လာရောက်နားထောင်သည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၇၈ ရပ်ကွက်နေ ဦးဇင်မင်းက “ကျွန်တော်တို့ အင်န်အယ်လ်ဒီကိုပဲ ကြားဖြတ်မှာ မဲပေးဖို့ လျာထားပါတယ်။ ပုဂ္ဂိုလ်စွဲ မထားဘူး။ ကောင်းတဲ့သူကိုပဲ ပေးမှာ” ဟု ဖြေကြားသည်။

ဦးဇင်မင်းတို့က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ကျင်းပရက်မတိုင်မီကပင် ကြိုတင်ဆန္ဒမဲအဖြစ် အင်န်အယ်လ်ဒီပါတီကိုသာ ထောက်ခံမဲပေးခဲ့သည်ဟု ဆိုသည်။

ယင်းမဲဆွယ်ဟောပြောပွဲသို့ ဦးဝင်းမြင့်နှင့်အတူ အင်န်အယ်လ်ဒီပါတီ နာယက ဦးတင်ဦးလည်း တက်ရောက်ဟောပြောခဲ့သည်။

ဦးတင်ဦးကလည်း “တိုင်းပြည်ဟာ နိုင်ငံကြီးတွေကြားမှာ ရှိတဲ့တိုင်းပြည်၊ သယံဇာတတွေလည်း ရှိတဲ့တိုင်းပြည် ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဝင်လာမယ့် အတိုင်းအတာတွေလည်း ရှိနေတယ်။ အဲဒီလိုရှေ့တည့်တည့်မှာ နေနေရတဲ့ တိုင်းပြည်ငယ်လေးမှာလည်း မရှိတဲ့ပြဿနာတွေကို ရှိအောင်ဆွပေးနေတဲ့ သတ္တဝါတွေကလည်း ပေါ်ကောင်းပေါ်နေတယ်” ဟု ဟောပြောခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များတွင် ပါဝင်ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီပါတီ အမတ်လောင်းများအတွက် ဦးဝင်းမြင့်က မတ် ၂ ရက်မှစတင်ကာ မတ် ၄ ရက်အထိ သုံးရက်တိုင်တိုင် ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ လှိုင်၊ အလုံ၊ လှိုင်သာယာ၊ ကော့မှူး စသည့်မြို့နယ်များ တွင် မဲဆွယ်စည်းရုံး ဟောပြောပွဲများကို ပြုလုပ်သွားမည်ဖြစ်သည်။

သတင်း – ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar