ဒီချုပ်အစိုးရ၏ စီးပွားရေး အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်အား ယခုလ ချပြမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ မြန်မာ့စီးပွားရေးအား အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်ကို ယခုလအတွင်း အများပြည်သူထံ ချပြမည်ဟု အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက စက်တင်ဘာ ၁၃ ရက်နေ့က ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပနေသည့် မြန်မာဂလိုဘယ် ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ (Myanmar Global Investment Forum) တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်သည့်နေ့တွင် သိသင့်သိထိုက်သူများနှင့် မီဒီယာများကိုလည်း ဖိတ်ကြားမည်ဟုလည်း ၎င်းကဆိုသည်။

ပြီးခဲ့သော ဇူလိုင် ၂၉ ရက်က ထုတ်ပြန်ခဲ့သည့် ဒီချုပ်အစိုးရ၏ စီးပွားရေးမူဝါဒသည် အာဏာရပြီး လေးလအကြာမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သော်လည်း ယေဘုယျဆန်လွန်းသော အချက် ၁၂ ချက်သာ ပါဝင်ခဲ့သဖြင့် ဝေဖန်မှုများရှိခဲ့ပြီး ယင်းအခမ်းအနားတွင်လည်း နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိက မီဒီယာအနည်းငယ်ကိုသာ ဝင်ရောက်သတင်းရယူခွင့်ပြုခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်တွင် ပြည်တွင်းလုပ်ငန်းရှင်နှင့် ပြည်ပလုပ်ငန်းရှင်ဟူ၍ မခွဲခြားတော့ဘဲ အခွင့်အရေးတန်းတူသာ ပေးတော့မည်ဟုလည်း ဦးကျော်ဝင်းက သတင်းစကားပါးခဲ့သေးသည်။

လက်ရှိတွင် လွှတ်တော်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုအား တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး အသစ်ထွက်ပေါ်လာမည့် ဥပဒေကို ၎င်းက ရည်ညွန်းခြင်းဖြစ်သည်။

“မြန်မာပြည်က တည်နေရာအရ အားသာချက်တွေရှိပါတယ်။ တစ်ကယ်အသုံးချနိုင်ဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေးစတဲ့ အခြေခံအဆောက်အဦတွေ လိုတယ်။ နောက်တစ်ခုက ဈေးသက်သာသာနဲ့ ခန့်လို့ရတဲ့ လူငယ်တွေများတယ်။ ဒါပေမယ့် ပညာရေးဖက်မှာ လိုနေတယ်။ အဲဒါမျိုးလေးတွေ ဖြည့်ဆည်းရမှာတွေရှိတယ်။ အားသာချက်တွေရှိသလို ဖြည့်ဆည်းရမှာတွေလည်း ရှိပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲ တက်ရောက်လာသည့် သူရဆွစ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်သူရက မှတ်ချက်ပေးသည်။

“[ဒီချုပ်အစိုးရအနေနှင့်] ဥပဒေပိုင်းကတော့ တစ်ဖြည်းဖြည်းနဲ့ လုပ်သွားတာတွေ့ရပါတယ်။ ဒါပေမယ့် ဥပဒေတစ်ခုထဲနဲ့ မပြီးဘူး။ လက်တွေ့အခက်အခဲတွေ ဖြေရှင်းပေးနိုင်ဖို့က အရေးကြီးပါတယ်။ မူဝါဒအပြင် လက်တွေ့မှာ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကိုလည်း ကြည့်ရဦးမှာပါ” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး၏ အဆိုအရ ဒီချုပ်အစိုးရ အာဏာရပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ငါးသောင်းကျော် ဖန်တီးပေးနိုင်ခဲ့ပြီဟု သိရသည်။ သို့သော် ဒီချုပ်အစိုးရတက်လာပြီး ပထမလေးလပတ်အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏသည် ပြီးခဲ့သည့်နှစ် ယင်းကာလတွင် ရရှိသည့်ရင်းနှီးမြှုပ်နှံသည့်ပမာဏထက် များစွာလျော့နည်းနေသေးသည်ကို တွေ့ရသည်။

ဦးအောင်နိုင်ဦးကမူ လာမည့်သုံးလခွဲအလွန် ၂၀၁၆ ခုနှစ်ကုန်တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ရရှိနိုင်ရန် ရည်မှန်းထားသည်ဟု ဆိုသည်။

ပါရမီစွမ်းအင်ကုမ္ပဏီအုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ဒီချုပ်အစိုးရအနေဖြင့် “မြင်းကို နိုင်နိုင်စီးနိုင်တဲ့ အခြေအနေမျိုးဖြစ်ပြီဆိုမှ ကျွန်တော်တို့နိုင်ငံ တိုးတက်မယ်လို့မြင်ပါတယ်”ဟု မှတ်ချက်ပြုသည်။

သတင်း- ဉာဏ်လှိုင်လင်းနှင့် ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.