ဒိုဟာညီလာခံတွင် သူရဦးရွှေမန်းက မြန်မာ့နိုင်ငံရေးနှင့် ဒုက္ခသည်အရေးများ ပြောကြား

ဒိုဟာ၊ မေ ၁၆

ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပနေသည့် ၁၇ ကြိမ်မြောက် ဒိုဟာညီလာခံသို့ သူရဦးရွှေမန်းတက်ရောက်ခဲ့ကာ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးနှင့် ဒုက္ခသည်ရေးရာကိစ္စများကို ဆွေးနွေးခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် ကာတာနိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ညီလာခံသို့ တက်ရောက်ခဲ့ကာ Transformation in Myanmar Political Landscape and refugee issue နှင့် ပတ်သက်၍ မေ ၁၅ ရက်နေ့တွင် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်းတွင် ဒုက္ခသည်များအရေးကို အာရုံစိုက်လာကြသလို မြန်မာနိုင်ငံအနေဖြင့်လည်း အရေးကြီးကိစ္စရပ်အဖြစ် အထူးအလေးထားကာ သိမ့်မွေ့စွာ ကိုင်တွယ်ဖြေရှင်းနေသည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

“လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အကြောင်းရင်းများကြောင့် ယနေ့ကမ္ဘာက အာရုံစိုက်လာသည့် ရခိုင်ပြည်နယ်အရေးသည် ပညာရေးအဆင့်အတန်း နိမ့်ကျခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်း၊ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ယုံကြည်မှု မရှိခြင်းတို့ကြောင့် ဒေသတွင်းတင်းမာမှု ပိုမိုမြင့်တက်လာသည်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီက လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ပေးအပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများ မြန်ဆန်ထိရောက်မှုရှိအောင် ဆောင်ရွက်ခြင်းတို့ကို အလေးထား လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းကပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ဒေါက်တာ ကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်များကိုလည်း အစိုးရက အကောင်အထည် ဖော်လျက်ရှိသလို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းများတွင် လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သည့် စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးလျက်ရှိကာ စွပ်စွဲချက် အထောက်အထား ခိုင်လုံလျင် ဥပဒေနှင့်အညီ အရေးယူမည်ဟု သူရဦးရွှေမန်းကပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ၂၁ ရာစု ပင်လုံအစည်းအဝေးကျင်းပနေမှုများအပြင် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဆောင်ရွက်နေမှုများကို ညီလာခံတွင် ၎င်းက ပြောကြားခဲ့ကာ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၁၄ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပသည့် ဒိုဟာညီလာခံသို့ နိုင်ငံတကာ ခေါင်းဆောင်များ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၆၀၀ ဦးခန့် တက်ရောက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဒိုဟာညီလာခံသို့ ယခင်နှစ်များကလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ယခုနှစ် ဒိုဟာညီလာခံသို့ သူရဦးရွှေမန်းနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့မှုမှာ နှစ်နိုင်ငံ ရင်းနှီးမှု၏ ပြယုတ်တစ်ခုဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကာတာသံအမတ်ကြီး Mr. Hassan Bin Mohamed Rafei Al-Emadi က ပြောကြားသည်။

ယခုကဲ့သို့ ပါဝင်တက်ရောက်ခဲ့ခြင်းက အနာဂတ်ကာလတွင် နယ်ပယ်များစွာ၌ ပိုမို ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းပွင့်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar