နေပြည်တော်၊ နိုဝင်ဘာ ၁၀
နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးများကို ဒရုန်းဖြင့် ရိုက်ကူးရန် ပြင်ဆင်နေစဉ် ထိန်းသိမ်းခံထားရသည့် သတင်းထောက်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ပထမဆုံးအကြိမ် စတင်ရုံးထုတ်ခဲ့ရာ ထောင်ဒဏ်နှစ်လစီ ချမှတ်ခဲ့ကြောင်း ၎င်းတို့၏ ရှေ့နေကပြောကြားသည်။
“အခုက နှစ်မှု တင်ထားတာ။ ကျွန်တော်တို့ နဂိုက သိထားတာကတော့ တစ်မှုပါ။ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ နဲ့ပါ။ အခုကတော့ လေကြောင်းပျံသန်းမှုဥပဒေ (Aerodrone Act) ဆိုတာရှိတယ်။ ၁၉၃၉ အင်္ဂလိပ်လက်ထက်က ဥပဒေက အဲဒီ ဥပဒေက အမှုအသေးပါပဲ။ ဥပဒေအသေးပဲ။ သာမန်မှု၊ ဦးတိုက်ပြီးတော့ တင်လို့ရတယ်။ သက်ဆိုင်ရာ လုံခြုံရေးအရာရှိကနေ ရုံးကို တိုက်ရိုက်ဦးတိုက်တင်တာ” ဟု ၎င်းတို့၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က တရားရုံးရှေ့တွင် သတင်းထောက်များကို ပြောကြားသည်။
အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်း၌ ထိန်းသိမ်းခံခဲ့ရသူများမှာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် မောင်အောင်နိုင်စိုးနှင့် ယာဉ်မောင်းဦးလှတင်တို့ဖြစ်သည်။
23316524_1688091061221460_6771645712522243671_n.jpg
title=
၎င်းတို့အား မူလက သွင်းကုန်ထုတ်ကုန်ဥပဒေဖြင့် တရားစွဲဆိုထားဟုသာ သိရှိထားသော်လည်း ယနေ့တရားရုံး ရုံးထုတ်ချိန်တွင် လေကြောင်းပျံသန်းမှုဥပဒေဖြင့် ထောင်ဒဏ်နှစ်လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
“အဲဒီဥပဒေကို ရုံးက အကျဉ်းနည်းနဲ့ စစ်လို့ရတယ်။ အခုက အကျဉ်းနည်းနဲ့ စစ်တာ။ ထောင်ဒဏ် ၃ လဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်။ အဲဒီတော့ တရားခံတွေကလည်း ငွေဒဏ်နဲ့ပဲ ပြီးသွားမယ်လို့ ယူဆတဲ့အတွက် အပြစ်ရှိတယ်လို့ ဝန်ခံလိုက်တယ်။ အဲဒီအတွက် တရားသူကြီးက ထောင်ဒဏ်နှစ်လ ချလိုက်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုသို့ ပြစ်ဒဏ်ချမှတ်မှုကို ၎င်းအနေဖြင့် ခရိုင်တရားရုံးသို့ ပြင်ဆင်ခွင့်တင်သွားမည်ဟု ဆိုသည်။
“ပြစ်ဒဏ်က များလွန်းပါတယ်ဆိုပြီး ခရိုင်ရုံးကို တက်မယ်” ဟု ၎င်းကပြောသည်။
၎င်းတို့အား သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ အရ တရားစွဲဆိုထားမှုကိုလည်း ဆက်လက်ရင်ဆိုင်ရဦးမည် ဖြစ်သည်။
အဆိုပါပုဒ်မကို ကျူးလွန်ပါက ပစ္စည်းကို သိမ်းဆည်းရန်၊ ပြစ်မှုထင်ရှားစီရင်ခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်ဟု ဥပဒေ၌ ပြဌာန်းထားသည်။
ဖမ်းဆီးခံထားရသူလေးဦးအတွက် ယနေ့တရားရုံးချိန်တွင် ၎င်းတို့ရှေ့နေက အာမခံလျှောက်ခဲ့သော်လည်း တရားသူကြီးက ပယ်ချခဲ့သည်။
“အာမခံတောင်းတယ်။ အထူးသဖြင့်တော့ ကိုအောင်နိုင်စိုးက ကျန်းမာရေးအခြေအနေရှိတယ်။ နောက် မလေးရှားဂျာနယ်လစ်က အမျိုးသမီး။ အဲဒီတော့ အာမခံတောင်းလို့ရတယ် ……။ ဒါပေမယ့် တရားသူကြီးက ဒီအဆင့်မှာ အမှုကို မစစ်ရသေးဘူး၊ အာမခံမပေးဘူးဆိုပြီး ပယ်လိုက်တယ်” ဟု ရှေ့နေဖြစ်သူ က ဆက်လက်ပြောကြားသည်။
အမှုအား လာမည့် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ကာ အဆိုပါနေ့တွင် ရဲသုံးဦးကို စစ်ဆေးမည်ဟု သိရသည်။