ဒရုန်းပျံသန်းမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက်များ ပြန်လည်လွတ်မြောက်

လွတ်တော်အနီးတွင် ဒရုန်းပျံသန်းမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် သတင်းထောက်များသည် ထောင်ထဲတွင် နှစ်လကြာ နေထိုင်ခဲ့ရပြီးနောက် ယနေ့ နံနက်ပိုင်းက ပြန်လည် လွတ်မြောက်လာသည်။

တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန၊ စင်ကာပူရုံးခွဲမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူ နိုင်ငံသား LAU HON MENG တို့နှင့်အတူ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးအပြင် ၎င်းတို့၏ ယာဉ်မောင်းဖြစ်သူ ဦးလှတင်တို့အား အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက လွှတ်တော်အနီးတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် နိုဝင်ဘာ ၁၀ ရက်နေ့၌ ပထမအကြိမ် ရုံးထုတ်ချိန်တွင် လေကြောင်းပျံသန်းမှု အက်ဥပဒေဖြင့် ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့သည်။

၎င်းတို့အပေါ် စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မများကို တရားလိုများက ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရုပ်သိမ်းခဲ့ပြီးနောက် ၎င်းတို့လေးဦးကို ယနေ့နံနက်ပိုင်းတွင် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ နံနက် ၇ နာရီမှာ သူတို့က ရမည်းသင်းထောင်ကနေ လွှတ်ပေးလိုက်ပါတယ်” ဟု ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က အေအက်ဖ်ပီကို ပြောကြားသည်။

ထို့နောက် နိုင်ငံခြားသားနှစ်ဦးကို ၎င်းတို့နိုင်ငံများသို့ ပြန်ပို့ရန်အတွက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ တိုက်ရိုက်ခေါ်ဆောင်သွားသည်ဟု ၎င်းကဆက်လက် ပြောကြားသည်။ ကိုအောင်နိုင်စိုးနှင့် ယာဉ်မောင်းဖြစ်သူတို့မှာမူ မိသားစုများနှင့် ပြန်လည် ဆုံစည်းပြီးဖြစ်သည်ဟု ၎င်းကပြောသည်။

အချုပ်ကျနေစဉ် ၎င်း၏ ၂၇ နှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းခဲ့ရသည့် ကိုအောင်နိုင်စိုးက ဖမ်းဆီးခံထားရသည့် အခြားသောသတင်းထောက်များလည်း မကြာမီ ပြန်လည်လွတ်မြောက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

၂၀၁၇ ခုနှစ်အတွင်း သတင်းထောက်အနည်းဆုံး ၁၁ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု အေအက်ဖ်ပီက ဆက်လက်ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar