ဒဂုံမြို့သစ်အရှေ့နှင့် ဆိပ်ကမ်းမဲဆန္ဒနယ်များတွင် ဆိုင်ကယ်စီးခွင့်နှင့် ကျူးကိစ္စ လွှမ်းမိုး

ရန်ကုန်၊ ဧပြီ ၁

ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မဲဆန္ဒနယ် လေးခုရှိသည့်အနက် နှစ်ခုဖြစ်သည့် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမဲဆန္ဒနယ်နှစ်ခုတွင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးနှင့် ကျူးကျော်တဲများတွင် နေထိုင်သူများ၏ အရေးကိစ္စများက မဲဆန္ဒရှင်များကြား အများဆုံး ပြန့်နှံ့လွှမ်းမိုးထားကြောင်း ကိုယ်စားလှယ်လောင်းများနှင့် မဲပေးခွင့်ရှိသူများကပြောသည်။

“ကျွန်တော့်မဲဆန္ဒနယ်ထဲကသူတွေက ကားလဲ ဝယ်မစီးနိုင်ဘူး။ ဘတ်စ်ကားကလဲ ဒီမှာသိပ်ပြီး အဆင်မပြေဘူး။ ဒီတော့ ဆိုင်ကယ်စီးလို့ရမှ လူတွေအဆင်ပြေမှာ။ ဒါပေမဲ့ တခြားတစ်ဖက်မှာလဲ မြို့ထဲကို ဆိုင်ကယ်တွေဝင်ခွင့်ပေးလိုက်ရင် အခက်အခဲတွေ ဖြစ်ကုန်မယ်။ ဒါကြောင့် ကျွန်တော့်ကို နေရာတော်တော်များများမှာ ဝိုင်းပြောကြတယ်။ ရွေးကောက်ခံရရင် စည်းစနစ်ကျစွာနဲ့ သူတို့အဆင်ပြေအောင် ကြိုးစားလုပ်ပေးမယ်လို့ ကတိပေးထားပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒဂုံမြို့သစ် အရှေ့ပိုင်း ကိုယ်စားလှယ်လောင်း ဦးနေကျော်က Frontier ကိုပြောသည်။

ထို့ပြင် ယင်းမဲဆန္ဒနယ်၏ နေရာအနှံ့အပြား၌ ကျူးကျော်တဲများထိုးကာ နေထိုင်နေသည့်သူများ သိန်းနှင့်ချီကာ ရှိနေပြီး ထိုသူများကလည်း မဲပေးခွင့်ရရှိသဖြင့် ယခုအခါ ၎င်းတို့၏ အခက်အခဲကို ဖြေရှင်းပေးစေချင်သည်ဟု အများအပြား တောင်းဆိုထားကြသည်ဟုလည်း သူက ဆက်လက်ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၏ ဒဂုံမြို့သစ် ဆိပ်ကမ်းမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးအောင်ဇင်ကလည်း သူ့မဲဆန္ဒနယ်တစ်ခုလုံးအား ခြုံငုံစဉ်းစားမည်ဆိုပါက ဆိုင်ကယ်စီးခွင့်နှင့် ကျူးကိစ္စများကပင် မဲပေးသူများအကြား ရေပန်းအစားဆုံးဖြစ်ကြောင်း Fronteir ကိုပြောသည်။

“အခုက သမ္မာအာဇီဝ ကိုယ့်ဆိုင်ကယ်လေးတွေနဲ့ ဆွဲပြီးလုပ်ကိုင်စားသောက်နေတာကတောင် ခိုးဝှက် စားသလို ဖြစ်နေတော့ ကိုယ်စားလှယ်လောင်းတွေနဲ့ တွေ့တိုင်းနီးပါး ဒီကိစ္စကို ပြောကြတယ်။ ကျွန်တော့်ဘက်ကတော့ အကယ်၍ အရွေးခံရရင် သတ်မှတ်အရောင်၊ သတ်မှတ်လိုင်စင်တွေနဲ့ နယ်မြေကန့်သတ်ချက်အတွင်းမှာ မောင်းနှင်စီးနှင်ခွင့်ရအောင် ကြိုးပမ်းဖို့စဉ်းစားထားတယ်” ဟုသူကဆိုသည်။

မဲပေးခွင့်ရှိသူ စုစုပေါင်း ၈၉,၀၀၀ ကျော်ရှိသည့် ဒဂုံဆိပ်ကမ်းမဲဆန္ဒနယ်တွင်လည်း ကျူးကျော်နေထိုင်သည့် အိမ်ခြေကပင် ၁၀,၀၀၀ ကျော်ပင်ရှိနေသဖြင့် ကျူးကိစ္စသည်လည်း မဲဆန္ဒရှင်အများအပြား၏ အရေးကိစ္စဖြစ်နေခြင်းဖြစ်သည်။

ယင်းမဲဆန္ဒနယ်ရှိ ၆၇ ရပ်ကွက်မှ အသက် ၂၉ နှစ်ရှိ မဲဆန္ဒရှင် မသီသီမော်က သူမသည် ကျူးရပ်ကွက်တွင် နေထိုင်သူဖြစ်သဖြင့် မဲပေးရာတွင် ကျူးတဲများမဖျက်ဟု ယူဆသူကိုသာမေးပေးရန် ဆုံးဖြတ်ခဲ့ကြောင်း Frontier ကို ပြောသည်။

“အရင်အစိုးရတုန်းက နေ့ပဲဖျက်မလား။ ညပဲ ဘူဒိုဇာနဲ့ထိုးမလား စိုးရိမ်နေရတာ။ အခုအစိုးရက အခုထိ ဒါမျိုး မလုပ်သေးဘူး။ ဒါကြောင့် အမေစုပါတီကို မဲပေးခဲ့တယ် ”ဟု မဲရုံအဝ၌ သတင်းထောက်နှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားသွားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar